နိုင်ငံတော်လုံခြံုရေးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိတယ်လို့ ဦးဝင်းမြင့် ပြော

နိုင်ငံတော်လုံခြံုရေးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိတယ်လို့ ဦးဝင်းမြင့် ပြော
ရခိုင်အရေးကိစ္စဟာ ဧည့်စာရင်းမတိုင်ရတော့တာနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တုံ့ပြန့်လိုက်ပါတယ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်လိုက်သည့် ဥပဒေတစ်ခုတွင် နိုင်ငံသားအခွင့်အရေးအရ ဧည့်စာရင်း တိုင်ကြားစရာ မလိုတော့သော်လည်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“စစ်ဆေးခွင့် မပေးထားတာ မဟုတ်ဘူး။ ကာကွယ်ရေး၊ လုံခြုံရေးအတွက် စစ်ဆေးခွင့် ပေးထားပြီးသား” ဟု ဦးဝင်းမြင့်က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းက ပြဌာန်းခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြန်လည်ပြင်ဆင်ရာတွင် မဖြစ်မနေ တိုင်ကြားရမည့်အချက်ကို ပယ်ဖျက်ခဲ့သည်။

ထိုဥပဒေပါ ဧည့်စာရင်း တိုင်ကြားရသည့် အချက်ကို ပယ်ဖျက်လိုက်သော်လည်း ဧည့်စာရင်း စစ်ဆေးခြင်းကို လုံးဝ ပယ်ဖျက်လိုက်ခြင်းမဟုတ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

“အကြမ်းဖက်ပြီး၊ လက်နက်ကိုင်ပြီးတော့ သောင်းကျန်းတဲ့ ပုဂ္ဂိုလ်တွေကို မရှာရဘူး၊ မဖွေရဘူး၊ မစစ်ရဘူးလို့ မပြောဘူး” ဟု ဩဂုတ်လ ၃၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းမြင့်က ပြောဆိုသည်။

ဥပဒေပြဌာန်းချက်ပါ ဧည့်စာရင်း တိုင်ကြားရမည့်အချက်ကို ပယ်ဖျက်လိုက်သည့်အတွက် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဝေဖန်မှုများရှိနေကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြင်လိုက်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြင်လိုက်တာက လုံးဝ မစစ်ဆေးရဘူး။ မဖမ်းဆီးရဘူး။ မရှာဖွေရဘူး။ မဟုတ်ပါဘူး။ စနစ်တကျ အဖွဲ့နဲ့ ဒါလုပ်ပေးထားတာပဲ” ဟု ဦးဝင်းမြင့်က ပြောသည်။

ပြင်ဆင်လိုက်သည့် ဥပဒေတွင် “တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ်၊ ဥပစာ၊ နေရာများကို လုံလောက်သော အကြောင်းပြချက်ဖြင့် အဖွဲ့နှင့် စနစ်တကျ ဝင်ရောက်စစ်ဆေးခြင်း” ဟူ၍ ပြဌာန်းထားသည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေးစဉ်က ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ဆက်လက်ထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်သားလွှတ်တော်အမတ်များက ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်ထားသင့်၊ မသင့်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်အများစုက ပယ်ဖျက်ရန် ဆန္ဒရှိသည့်အတွက် ယင်းအချက်အား ပယ်ဖျက်ရန် ထိုစဉ် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

"အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ဝင်ပြီးတော့ အချိန်မရှိ၊ အခါမရှိ ခြင်ထောင်ထဲအထိ လှန်ပြီးတော့၊ အခန်းထဲအထိ ဝင်ပြီးတော့ ဖမ်းသွားတာတွေကို ကျွန်တော်တို့က နိုင်ငံသားတွေကို ကျွန်တော်တို့တွေ ခံစားခဲ့ရတာတွေကို မခံစားစေချင်လို့ နိုင်ငံသားအခွင့်အရေး ပေးလိုက်တာ" ဟု ဧည့်စာရင်း တိုင်ကြားရသည့်အချက်ကို ပယ်ဖျက်ရသည့်အကြောင်းအရင်းကို ဦးဝင်းမြင့်က ပြောသည်။

သို့ရာတွင် အရပ်၊ ဒေသတစ်ခုတွင် အချိန်ကာလအားဖြင့် ရက်ပေါင်း(၆၀)ထက် ပိုမိုကြာရှည်စွာ နေထိုင်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အသိပေးထားရန် ပြင်ဆင်လိုက်သည့် ဥပဒေတွင် ထည့်သွင်းထားသည်။ အသိပေးအကြောင်းကြားခြင်း မရှိပါကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မည်မဟုတ်ပေ။

"အစိုးရအနေနဲ့ ပြည်သူလူထုကို အကူအညီတစ်ခုပေးမယ်ဆိုရင် စာရင်းဇယားမရှိလို့ရှိရင် ဘာမှကူညီပေးလို့မရဘူး။ စာရင်းဇယား ရရှိနိုင်ရေးအတွက် အသိပေးအကြောင်းကြားးရမယ်ပေါ့။ ဒါပေမယ့် အကြောင်းမကြားဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဥပမာအားဖြင့် ကျူးကျော်တွေပေါ့။ သူတို့က ဒီမှာနေထိုင်တယ်။ ဒါပေမယ့် အကြောင်းမကြားထားဘူးဆိုရင် သူတို့အတွက် အိမ်ရာတွေ၊ တိုက်ခန်းတွေပေးမယ်ဆိုရင် သူတို့အတွက် နစ်နာသွားမှာ စိုးလို့ပါ" ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး၊ ဦးကျော်စိုးလင်းက ရှင်းပြသည်။

ဧည့်စာရင်းစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်အစိုးရလက်ထက်က နိုင်ငံရေးသမားအများစုကို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးကာ ထောင်ချလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly