ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးများ ပြုပြင်ထိမ်းသိမ်းရေး အိန္ဒိယနှင့် မြန်မာ MOU ထိုးမည်

ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးများ ပြုပြင်ထိမ်းသိမ်းရေး အိန္ဒိယနှင့် မြန်မာ MOU ထိုးမည်

 

သြဂုတ် ၃၁ ။                 ။ ငလျင်ဒဏ်သင့် ပုဂံ ဘုရားပုထိုးစေတီများ  ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် အိန္ဒိယနှင့် မြန်မာအကြား  MoU နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားရေး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက အတည်ပြုလိုက်သည်။

အဆိုပါ MoU ကို လာမယ့် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်  အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

ယင်းသို့ ပုဂံဘုရားပုထိုးများ  ပြန်လည်ပြုပြင်ထိန်းသိမ်းရေး စီမံချက်တစ်ခုကို ဖော်ဆောင်ခြင်းက မြန်မာနှင့် အိန္ဒိယတို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုချင်း ချိတ်ဆက်ပူးပေါင်းမှုများကို ပိုမိုခိုင်မာသွားစေမည်ဖြစ်ကြောင်း  အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဌာန ကထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

" ဒီစီမံကိန်းက ဘာသာရေးနဲ့သာမက ခရီးသွားလုပ်ငန်းပိုင်းနဲ့ပါ ကြည့်မယ်ဆိုရင် အရေးပါလှတာကြောင့်လည်း မြန်မာပြည်သူတွေအကြားမှာလည်း အိန္ဒိယတို့အပေါ် ချစ်ကြည်ရင်းနှီးမှုတွေ ဖြစ်ပေါ်လာမှာပါ၊ ဒါ့အပြင် မြန်မာနဲ့အကြား အိန္ဒိယရဲ့ တိုးမြင့်ပူးပေါင်းမှုကိုပါ ပိုမိုပေါ်လွင်သွားစေနိုင်ပါတယ်။ဒီစီမံကိန်းဟာ ဘုရားပုထိုးစေတီတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ပေးမှုပိုင်းမှာ အိန္ဒိယရဲ့ ကျွမ်းကျင်မှုအတတ်ပညာတွေကိုပါ ပြသနိုင်မယ့် အခွင့်အရေးတစ်ခုပါ၊ ဒါကို မြန်မာပြည်သူတွေသာမက တစ်ခြားတိုင်းပြည်တွေက ခရီးသွားတွေပါ တွေ့မြင်ရပါလိမ့်မယ်" ဟု ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းအိန္ဒိယဝန်ကြီးချုပ် မိုဒီသည်  ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မြတ်ကို သွားရောက်ကြည်ညိုမည်ဟု သိရပြီး  ဟိန္ဒူ ကာလီ ဘုရားကျောင်းကိုလည်း သွားရောက်ဖူးမြှော်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံတမန်များက ပြောသည်။

" ကျွန်တော်တို့က ဘာသာရေးကို ကျဉ်းမြောင်းတဲ့အယူအဆတစ်ခုနဲ့ မကြည့်ပါဘူး၊ ဘာသာရေးက ယဉ်ကျေးမှုနဲ့ လူမှုတိုးတက်မှုတို့ကို လွှမ်းခြုံနေတာပါ၊ ဘာသာရေးကနေတဆင့် အိန္ဒိယနဲ့   မြန်မာအကြား  ပူးပေါင်းမှုတွေကလည်း တိုးတက်ကြီးထွားလာနေခဲ့ပါတယ်" ဟု အိန္ဒိယအာဏာရ BJP ပါတီခေါင်းဆောင် ရမ် မက်ဒ်ဟက်ဘ် က ပြောသည်။

ယခုတစ်ကြိမ်သည် မိုဒီ၏ ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး ၂၀၁၄ခုနှစ်က ပထမအကြိမ်လာရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly