မိုးရွာအပြီး ရောင်စုံပန်းမွေ့ရာကော်ဇောကြီးဖြစ်သွားတဲ့ ကမ္ဘာ့အခြောက်သွေ့ဆုံး ကန္တာရ

မိုးရွာအပြီး ရောင်စုံပန်းမွေ့ရာကော်ဇောကြီးဖြစ်သွားတဲ့ ကမ္ဘာ့အခြောက်သွေ့ဆုံး ကန္တာရ

ဆန်တီယာဂို၊ သြဂုတ် ၃၀ ။       ။ တောင်အမေရိကမှ အက်တာကာမာကန္တာရဟာ ကမ္ဘာ့အခြောက်သွေ့ဆုံးကန္တာရ စာရင်းဝင် လွင်တီးခေါင်ဒေသတစ်ခုပါ။

ချီလီမြောက်ပိုင်းမှာ ရှိတဲ့ အက်တာကာမာကန္တာရရဲ့ နေရာတစ်ချို့ဟာ မမျှော်လင့်တဲ့ မကြုံစဖူး မိုးသည်းသည်းထန်ထန် ရွာတာနဲ့ ကြုံပြီးနောက်မှာ ကန္တာရမြေ လွင်တီးခေါင်ဟာ ပန်းမွေ့ရာကော်ဇောကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။

အက်တာကာမာကန္တာရ ရောင်စုံပန်းခင်းကြီး ဖြစ်သွားရတဲ့ ခုဖြစ်စဉ်ကို ချီလီလို ပန်းကော်ဇောခင်းခြင်း (desierto florido – flowering desert) လို့ ခေါ်ကြပြီး ငါးနှစ်ကနေ ခုနစ်ကြားမှ တစ်ကြိမ် ကြုံတတ်၊ ဖြစ်တတ်တဲ့ အက်တာကာမာကန္တာရရဲ့ ထူးခြားဖြစ်စဉ်တစ်ရပ်ပါပဲ။

မိုးရေကနေ လွင်တီးခေါင်မြေပေါ်က ပန်းမျိုးစေ့တွေဟာ အညှောင့်ပေါက်၊ ပန်းတွေ ပွင့်လန်းလာပြီး ကမ္ဘာ့အခြောက်သွေ့ဆုံး လွင်တီးခေါင်အရပ်ကို ပန်းရောင်စုံ ခြယ်သလိုက်တဲ့ ထူးခြားသဘာဝဖြစ်စဉ်ပါ။

ဒါပေမယ့် ခုတစ်ကြိမ် အက်တာကာမာကန္တာရမှာ ပန်းကော်ဇောခင်းတာဟာ အချိန်စော ဖြစ်လာပါတယ်။ ၂၀၁၅ မှာ တစ်ကြိမ် ပန်းကော်ဇောခင်းပြီးပေမယ့် ခုလ၊ ခုရာသီချိန် အက်တာကာမာမှာ ရောင်စုံပန်းတွေ ပွင့်လန်းဝေဖြာ နေခဲ့ပါပြီ။

အက်တာကာမာ ပန်းကော်ဇောကြီးမှာ ပန်းမျိုးစိတ်ပေါင်း ၂၀၀ ကျော်ထက်မနည်း ပွင့်လန်းဖူးပွင့်နေကြပါတယ်။

အရောင်အသွေးစုံတဲ့ အက်တာကာမာ ကန္တာရ ပန်းမွေ့ရာကြီးဟာ ချီလီနဲ့ အခြားအရပ်က ဧည့်သည်တွေရယ်၊ ရုက္ခဗေဒပညာရှင်တွေရယ်ကို ဆွဲဆောင်လို့ နေပါပြီ။

လာမယ့် သီတင်းပတ်တွေမှာ မျိုးစိတ်မျိုးကွဲ ပန်းပေါင်းစုံ ပိုပြီး ပွင့်လန်းလာဦးမယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက မျှော်လင့်လို့လည်း နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly