ပြည်တွင်း ပဲအထွက်နှုန်း များနေခြင်းကြောင့် မြန်မာကနေ တင်ပို့လာတဲ့ ပဲတွေအပေါ် ကန့်သတ်ရတာဖြစ်တယ်လို့ အိန္ဒိယ ပြော

ပြည်တွင်း ပဲအထွက်နှုန်း များနေခြင်းကြောင့် မြန်မာကနေ တင်ပို့လာတဲ့ ပဲတွေအပေါ် ကန့်သတ်ရတာဖြစ်တယ်လို့ အိန္ဒိယ ပြော

သြဂုတ် ၃၀ ။           ။ ပြည်တွင်း ပဲအထွက်နှုန်း ထူးထူးကဲကဲ များပြားနေခဲ့ခြင်းကြောင့် ပြည်ပကနေတင်သွင်းမှုကို လျော့ကျစေခဲ့ပြီး ယင်းအတွက်ကြောင့်လည်း မြန်မာနိုင်ငံက ပဲသွင်းကုန်တွေအပေါ် ကန့်သတ်ပိတ်ပင်ချက်တွေ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

" ပဲဈေးတွေက အိန္ဒိယမှာကို ကျနေခဲ့တာပါ ၊ ဘာလို့လဲဆိုတော့ ဒီမှာ ပဲအထွက်နှုန်း များနေခဲ့တာကြောင့်ပါ၊ ဒါကြောင့်လည်း သွင်းကုန်တွေအပေါ်မှာ တန်ချိန်ကန့်သတ်ချက်တွေ လုပ်ခဲ့ရတာပါ" ဆိုပြီး အိန္ဒိယသံရုံးက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့်လည်း ယခုလို ကန့်သတ်ချက်တွေက နှစ်နိုင်ငံအကြား MOUs တွေအပေါ်မှာတော့ ထိခိုက်သက်ရောက်စေမှာမဟုတ်ကြောင်း ယင်းက ဆိုပါတယ်။ " G2G စနစ်နဲ့ ပဲသီးနှံအမျိုးမျိုး အိန္ဒိယဆီ တင်ပို့နိုင်မယ့် ကာလရှည် MOU တစ်ခုမှာ ပါဝင်ဖို့အတွက် အကြောင်းတစ်ချို့ကြောင့် မြန်မာဘက်က တုန့်ပြန်နိုင်ခဲ့ခြင်းမရှိပါဘူး" လို့လည်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာဘက်ကနေ အဓိက ပဲ အမျိုးအစား သုံးမျိုး တင်သွင်းမှုအပေါ် ကန့်သတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ အိန္ဒိယဘက်ကို ပြစ်တင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ယင်းဟာလည်း မြန်မာ့ပဲထုတ်လုပ်ရေးလုပ်ငန်းကို အကျပ်အတည်းအောက် ကျရောက်စေခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သြဂုတ်လတုန်းက ပဲစဉ်းငုံ တန်ချိန် ၂၀၀,၀၀၀ ၊ မတ်ပဲနဲ့ ကုလားပဲ တန်ချိန် ၃၀၀,၀၀၀ တင်သွင်းမယ်ဆိုပြီး အိန္ဒိယဘက်က ကြေညာခဲ့ပါတယ်။

ယခုလို မြန်မာနိုင်ငံထွက် ပဲအမျိုးမျိုးအပေါ်မှာ အိန္ဒိယဘက်က ပြင်းထန်တဲ့ ကန့်သတ်ချက်တွေထုတ်ပြန်ခဲ့ခြင်းက မြန်မာ့ပဲဈေးကွက်အပေါ် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပါတယ်။ ယခု ကန့်သတ်ချက်ကြောင့် အိန္ဒိယမှာ ပဲနီကလေးဈေးနှုန်းတွေကို ပိုကောင်းသွားစေနိုင်ပေမယ့် အိန္ဒိိယပို့ကုန်တွေအပေါ်မှာ များစွာအားထားနေရတဲ့ မြန်မာနိုင်ငံက ပဲထုတ်လုပ်သူတွေအတွက်တော့ ဖိအားတွေအောက် ကျရောက်ခဲ့ရပါတယ်။

ယခုဆိုရင် အိန္ဒိယဘက်က ပုံမှန် ပဲဝယ်ယူနေမှုဟာ ရပ်ဆိုင်းသွားခဲ့ကြောင်း ပဲကုန်သွယ်ရေးအဖွဲ့က ဆိုပ့ါတယ်။ သက်ဆိုင်ရာ နှစ်နိုင်ငံအာဏာပိုင်တွေကိုလည်း ယင်းကိစ္စနဲ့ပတ်သက်လို ညှိနှိုင်းဖို့တောင်းဆိုထားပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား အဓိကကုန်သွယ်ရေးအကျပ်အတည်းတစ်ခုအဖြစ်လည်း ပေါ်ထွက်လာနေတာဖြစ်ပါတယ်။ မကြာမီ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ခရီးစဉ်လည်း ရှိနေပါတယ်။

မြန်မာအနေနဲ့ကတော့ အိန္ဒိယဆီကို ပဲတင်ပို့ရောင်းချလာခဲ့တာ ဆယ်စုနှစ်သုံးစုနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း အိန္ဒိယဘက်ကတော့ ဆေးဝါး၊ သကြားနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ မြန်မာဘက်ကို ပြန်လည်တင်ပို့နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကို နှစ်စဉ် ပဲ တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်း ခန့် တင်ပို့နေလျက်ရှိပြီး အိန္ဒိယကတော့ အကြီးဆုံး ဈေးကွက်ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly