ရခိုင်ပြည်သူများအတွက် စာရေးဆရာ ဝေဟင်အောင်ထံပေးအပ်သည့် အလှူငွေ ကျပ် သိန်း ၅ဝဝ ခန့်ရှိ

ရခိုင်ပြည်သူများအတွက် စာရေးဆရာ ဝေဟင်အောင်ထံပေးအပ်သည့် အလှူငွေ ကျပ် သိန်း ၅ဝဝ ခန့်ရှိ

ရန်ကုန်၊ သြဂုတ်လ ၃ဝ ။          ။ ရခိုင်ပြည်နယ်၊ မောင်တောတွင် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး အစွန်းရောက်အကြမ်းဖက်များ တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများအား ကူညီရန် ကောက်ခံပေးနေသော အလှူ ငွေ ကျပ် သိန်း ၅ဝဝ ခန့် ရရှိပြီဖြစ်ကြောင်း စစ်တွေမြို့နယ်မှ စာရေးဆရာကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြော သည်။

အဆိုပါ ကောက်ခံရရှိထားသော အလှူငွေ ကျပ်သိန်း ၅ဝဝ ခန့်မှာ သြဂုတ်လ ၃ဝ ရက်နေ့က စာရင်းချုပ်ထား သည့် ပမာဏသာဖြစ်ကြောင်း သိရသည်။

“  မနေ့က ဘူးသီးတောင်ကနေ ဒီဘက်ကို ထွက်မလာခင်တုန်းမှာ စာရင်းချုပ်တော့ သိန်း ၅ဝဝ ပတ်ဝန်းကျင် လောက်တော့ ရောက်ပြီဗျ။ အားလုံးအချုပ်ကို ပြောလို့ မရသေးဘူးဆိုတာက တချို့အလှူရှင်တွေက ဘယ်က နေ လှူလိုက်မှန်းမသိဘူးဖြစ်နေတယ်။ ဒါကြောင့် အတိအကျတော့ ကျွန်တော်ပြောလို့ မရသေးဘူး။ အလှူ ငွေတွေကလည်း တောက်လျှောက်ကြီး ဝင်နေသေးတယ်”ဟု အလှူငွေ ကူညီကောက်ခံပေးနေသည့် စာရေး ဆရာ ကိုဝေဟင်အောင်ကပြောသည်။

အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်မှ  ဒုက္ခရောက်နေသည့် ပြည် သူများ အတွက် စစ်တွေမြို့နယ်ရှိ စာရေးဆရာ ကိုဝေဟင်အောင်မှ တဆင့် အလှူငွေများလှူဒါန်းလိုပါက ဖုန်းနံပါတ် - ဝ၉ ၄၅ဝ ၅၄၂ ၉၈၆ သို့ ဆက်သွယ်ပြီး အောင်ကျော်ဝင်း၊ ၁၁/ ပဏတ(နိုင်) ဝ၅၂၇၄၉ မှတ်ပုံ တင်နံပါတ်ဖြင့် CB ဘဏ်မှ တဆင့် အလှူငွေများလှူဒါန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် CB ဘဏ် ATM အကောင့် ဝဝ၁၅ ၆ဝဝ၅ ဝဝဝဝ ၈၁၅၇ နှင့် ကမ္ဘောဇဘဏ်  ATM အကောင့် ဝ၁၇-၃ဝ၁- ဝ၁၇ဝ ၁၄၁၂၂ဝ၁ သို့အကောင့်အမည် Aung Kyaw Win အမည်ဖြင့် လွှဲအပ်လှူဒါန်းနိုင်သည်။

ယနေ့ သြဂုတ်လ ၃ဝ ရက်နေ့တွင်လည်း ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေးရှင်း နှင့် စာရေးဆရာ ကို ဝေဟင်အောင်တို့မှ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ဒုက္ခသည်စခန်း ၄ ခုရှိ ရခိုင်တိုင်းရင်းသား မိသာစုများအား  သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

စေတီတောင်ဘုန်းကြီးကျောင်းမှ မိသားစု ၃၉ စုအား မိသားစုတစ်စုလျှင် ကျပ်တစ်သောင်းစီ၊  အ.ထ.က ၂ ရှိ မိသားစု ၇၄ စုအတွက် အိမ်သာ ၂ လုံး၊ အလိုတော်ပြည့်ကျောင်း မိသားစု ၁၅ စုအား မိသားစုတစ်စုလျှင် ကျပ်တစ်သောင်းစီနှင့် ဓညဝတီကျောင်းရှိ မိသားစု ၁၅ စုအတွက် တစ်စုလျှင် ကျပ်တစ်သောင်းစီ လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

“ အခုလက်ရှိ ရရှိထားတဲ့ အလှူငွေ သိန်း ၅ဝဝ ကတော့ ကျွန်တော်တစ်ယောက်ထဲစီကို လှူဒါန်းကြတဲ့ ငွေပမာ ဏပဲဖြစ်ပါတယ်။ ကိုဝေဠုကျော်တို့ ကောက်ခံထားတဲ့ အလှူငွေနဲ့တော့ မဆိုင်ဘူးဗျ။ ကိုဝေဠုတို့က သပ်သပ် ကောက်ခံထားတာ ဖြစ်လိမ့်မယ်ထင်တယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။

လက်ရှိတွင် စာရေးဆရာ ကိုဝေဟင်အောင်က ဘူးသီးတောင်မြို့နယ်မှတဆင့် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေးရှင်းနှင့်အတူ ဘူးသီးတောင် လူငယ်အဖွဲ့တို့နှင့် မောင်တောသို့ သွားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly