ကာဂျစ်စတန်နှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်လူစာရင်းတွင် ယူ-၂၂ ကစားသမား ရ ဦးပါ၀င်လာ

ကာဂျစ်စတန်နှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်လူစာရင်းတွင် ယူ-၂၂ ကစားသမား ရ ဦးပါ၀င်လာ

၂၀၁၉ အာရှဖလားခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ကာဂျစ်စတန်နှင့် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမားစာရင်းတွင် မြန်မာယူ-၂၂ အသင်းမှ ကစားသမား ၇ ဦးပြန်လည်ပါဝင်လာခဲ့သည်။

အဆိုပါ ကစားသမားများမှာ ဂိုးသမား ဆန်းဆက်နိုင်၊ နောက်ခံလူများဖြစ်သော သီဟထက်အောင်နှင့် ဟိန်းသီဟဇော်၊ ကွင်းလယ်ကစားသမားများဖြစ်သော လှိုင်းဘိုဘိုနှင့်ရန်နိုင်ဦး၊ တိုက်စစ်မှူးများဖြစ်သော  အောင်သူနှင့် သန်းပိုင်တို့ ဖြစ်သည်။

ယနေ့တွင် ဆီးဂိမ်းပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသော မြန်မာယူ-၂၂ ကစားသမားများသည် လက်ရွေးစင်အသင်းကြီးနှင့် ချက်ချင်းပူးပေါင်းရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ်စတန်အသင်းနှင့် စက်တင်ဘာလ (၅) ရက်နေ့တွင်မှ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကြိုတင်လေ့ကျင့်ပြင်ဆင်ရန် သြဂုတ်လ ၃၁ ရက်နေ့ကတည်းက ကာဂျစ်စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ ထိုပွဲစဉ်ကို စက်တင်ဘာလ(၅)ရက် မြန်မာစံတော်ချိန် ည ၈း၃၀ တွင် ကစားမည် ဖြစ်သည်။

မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တွင် ကာဂျစ်စတန်၊ အိန္ဒိယ၊ မကာအိုတို့နှင့် အတူ အုပ်စု(က)၌ပါဝင်နေသည်။ ပထမ(၂) ပွဲကစားခဲ့ပြီးရာတွင် အိန္ဒိယကို အိမ်ကွင်း၌ ဝ-၁ ဂိုးဖြင့်ရှုံးခဲ့ပြီး မကာအိုကို အဝေးကွင်းတွင် ဝ-၄ ဂိုးဖြင့် နိုင်ထားသည်။ လက်ရှိတွင် အိန္ဒိယက ၆ မှတ်၊ မြန်မာက ၃ မှတ်၊ ကာဂျစ်စတန်က ၃ မှတ်၊ မကာအိုက ရမှတ် ရရှိခြင်းမရှိသေးပဲ အစဉ်လိုက်ရပ်တည်နေသည်။ အုပ်စုထိပ်ဆုံး ၂ သင်းက ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

မြန်မာအသင်းသည် ၁၉၆၈ ခုနှစ်နောက်ပိုင်းကတည်းက အာရှဖလားပြိုင်ပွဲသို့ ဝင်ခွင့်မရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၁ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ယူ-၂၂ နည်းပြ ဂတ်ဇီဆီကသာ ကိုင်တွယ်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ကစားသမား ၂၁ ဦးစာရင်း

========================

ဂိုး - သီဟစည်သူ (ရှမ်းယူနိုက်တက်)၊ ကျော်ဇင်ထက် (ရန်ကုန်ယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)

နောက် - ဟိန်းသီဟဇော် (ရှမ်းယူနိုက်တက်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဇော်မင်းထွန်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ချင်းယူနိုက်တက်)၊ ဝင်းမင်းထွဋ် (ရှမ်းယူနိုက်တက်)၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်)၊ ကျော်ဇင်လွင် (မကွေး)

လယ် - တင်ဝင်းအောင် (ရှမ်းယူနိုက်တက်)၊ ရန်အောင်ကျော်(ရန်ကုန်ယူနိုက်တက်)၊ လှိုင်းဘိုဘို (ရတနာပုံ)၊ ရန်နိုင်ဦး(ရှမ်းယူနိုက်တက်)၊ သက်နိုင် (ရတနာပုံ)၊ ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ မင်းမင်းသူ (ဧရာဝတီယူနိုက်တက်)

ရှေ့ - ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်ယူနိုက်တက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly