မြန်မာ့အားကစားလောကနှင့် မြန်မာ့နိုင်ငံရေး

မြန်မာ့အားကစားလောကနှင့် မြန်မာ့နိုင်ငံရေး

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာယူ-၂၂ အသင်းက အင်ဒိုနီးရှာယူ-၂၂ အသင်းကို ၃ ဂိုး ၁ ဂိုးနှင့် ရှုံးနိမ့်ပြီး ကြေးတံဆိပ်ဆုနှင့်လွဲချော်ခဲ့ရသည်။ တစ်တိုင်းပြည်လုံးမျှော်လင့်ခဲ့သည်က ရွှေတံဆိပ်ဖြစ်သော်လည်း ဆီမီးဖိုင်နယ်တွင် ထိုင်းကို ရှုံးခဲ့ပြီးနောက် ကြေးတံဆိပ်လောက်တော့ ရတန်ကောင်းသည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင်မတော့ စတုတ္ထနေရာဖြင့်သာ ဇာတ်သိမ်းခဲ့ကြရသည်။

လက်ရှိမြန်မာယူ-၂၂ အသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းမှ ကစားသမားများနှင့် ၂၀၁၅ ဆီးဂိမ်းဒုတိယဆုရ အသင်းမှ ကစားသမားများပေါင်းစပ်ထားသည့်အတွက် ယခုနှစ်တွင် ရွှေဆုရမည်ဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။ အောင်သူလို အရည်အသွေးရှိသည့်ကစားသမားကို ပိုင်ဆိုင်ထားပြီး လက်ရှိအသင်းမှာ မြန်မာဘောလုံးမျိုးဆက်တွင် အကောင်းဆုံးဟု သတ်မှတ်ခဲ့ကြသည့်အတွက် သူတို့မှ ရွှေမရလျှင် နောက်နှစ်တွေမှာလည်း ရွှေရရန် မလွယ်ကူဟု ခန့်မှန်းမှုများပင်ရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရှုံးခဲ့ရပြန်သည်။

မြန်မာနိုင်ငံသားများသည် ဘောလုံးအားကစားနှင့် ပတ်သက်လာလျှင် အင်မတန်ရူးသွပ်သူများဖြစ်သည်။ ကျွနိုပ်တို့၏ဘိုးဘွားများ လက်ထက်ကတည်းက ဘောလုံးပွဲဟေ့ဆိုလျှင် ရရာနေရာမှ အားပေးခဲ့ကြသည်ချည်းဖြစ်သည်။ ရေဒီယိုသာ နားထောင်နိုင်စဉ်အချိန်အခါက ရေဒီယိုနားတွင်စုပြီး မြန်မာဘောလုံးပွဲအကြောင်းကို နားထောင်ခဲ့ကြသလို တစ်ရပ်ကွက်လုံး TV တစ်လုံးလောက်သာရှိသော အချိန်တွင်လည်း ထို TV ရှေ့ စုံပြုံအားပေးခဲ့ကြသည်။

ထိုမှ တစ်ဖန်တစ်ဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့သော နည်းပညာများနှင့်အညီ မြန်မာပွဲများကို ရေဒီယို၊ TV၊ အွန်လိုင်း စသဖြင့် ပုံစံမျိုးစုံဖြင့် အားပေးလာနိုင် ကြသည်။ ယခုဆီဂိမ်းစ်ပြိုင်ပွဲမှာ ဆိုလျှင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် ပရိုဂျက်တာများဖြင့် မြန်မာပွဲများကို ပြသပေးခဲ့သည်။ မြန်မာပရိသတ်များကလည်း အရင်က ကိုယ့်အသင်း ဘယ်လောက်ပဲ ရှုံးခဲ့၊ ရှုံးခဲ့ မည်သို့ပင် ဝေဖန်ပြောဆိုခဲ့ကြပါစေ ဘောလုံးပွဲအချိန်ရောက်တော့TV ရှေ့ရောက်ကြရသည်။ မြို့တော်ခန်းမရှေ့က Fan Zone တွင် နေပူပူ၊ မိုးရွာရွာ ပရိသတ်က ပြည့်မြဲဖြစ်ခဲ့သည်။

မလေးရှားနှင့်ကစားသည့်ပွဲကို မြို့တော်ခန်းမရှေ့တွင် ကြည့်ရှုခဲ့ရသည့်ညက မှတ်မှတ်သားသား ဖြစ်ခဲ့ရသည်။ ပရိသတ်များပြားချက်က မြို့တော်ခန်းမရှေ့ ခြောက်လမ်းသွားလမ်းမသည် ကားတစ်စီးသာ သွားလာနိုင်တော့သည်အထိ ဖြစ်ခဲ့ရသည်။ မလေးရှားအသင်းက သုံးဂိုးပြတ်အနိုင်ရနေသည့်တိုင် ပရိသတ်များက မပြန်ဘဲ မြန်မာကစားသမားများကို အားပေးခဲ့ကြသည်။ သန်းပိုင်ချေပဂိုးသွင်းလိုက်သည့်အချိန်တွင် အောင်ပွဲခံလိုက်ကြပုံက မျက်ရည်လွယ်သူများဆိုလျှင် မျက်ရည်ကျလောက်သည်။ ဂိုးသွင်းလိုက်ချိန်က မိနစ် ၈၀ ကျော်တွင် ဖြစ်သည့်အတွက် ချေပဂိုးသွင်းများဆက်လက်သွင်းယူရန် လုံလောက်သည့်အချိန်မရှိတော့ပေ။ သို့သော် မြန်မာပရိသတ်များကတော့ မျှော်လင့်ချက်အပြည့်ဖြင့် အားပေးခဲ့ကြသည်။   နောက်ဆုံးပွဲသိမ်းခရာမှုတ်လိုက်တော့မှ အားလုံးထပြန်သွားကြသည်။

ထိုပွဲအပြီးတွင် သရုပ်ဆောင်ဟက်ကက် facebook ပေါ်တင်ခဲ့သည့် status တစ်ခုက သဘောကျချင်စရာကောင်းသည်။ “ဟေ့ရောင် ၃ ဂိုးသွင်းခံရတာ လာမပြောနဲ့ !! ပြန်သွင်းလို့ ငါတို့တစ်မျိုးလုံး ပျော်ရတာ ထည့်ပြောလေ!! ဟေ့ရောင် ဂျင်းကောင်” ဟု ရေးတင်ခဲ့ခြင်းဖြစ်သည်။ ဟက်ကက်၏ စာသည် မြန်မာပရိသတ်အားလုံး၏ ခံစားချက်ကို ပေါ်လွင်စေခဲ့သည်။ ပိုပြီး လှသည်ဟု ခံစားရသည်က ဟက်ကက်မှာ ကရင်တိုင်းရင်းသားဖြစ်နေခြင်းကြောင့် မြန်မာဘောလုံးနှင့် ပတ်သက်လာလျှင် မြန်မာတစ်မျိုးသားလုံး သဘောဆန္ဒ ညီညွတ်ကြသည်ကို ပြဆိုနေသည့် သဘောကြောင့်ဖြစ်သည်။

ထိုင်းနှင့်ဆီမီးဖိုင်နယ်ပွဲတွင်လည်း မလေးရှားကိုရောက်နေသည့် မြန်မာနိုင်ငံသားများက တာဝန်ကျေစွာ ကွင်းထဲအထိ သွားရောက်အားပေးခဲ့ကြသလို နိုင်ငံပေါင်းစုံက မြန်မာများကလည်း အားပေးခဲ့ကြသည်။ ပြည်တွင်း၌ ရှိနေကြသော ပရိသတ်အားလုံးလည်း TV ရှေ့ကို ရောက်ကြသည်။ တစ်ချို့ အလုပ်ထဲတွင် ရှိနေသူများ အလုပ်ရှင်မသိအောင် မြန်မာအသင်းကို အားပေးကြသည်။ ရန်ကုန်တွင် မိုးရွာနေသော်လည်း မြို့တော်ခန်းမရှေ့တွင် ပရိသတ်များ ပြည့်လျှံနေခဲ့မြဲ ဖြစ်သည်။ မြန်မာအသင်း၏ကစားပုံမှာ ထိုင်းနှင့်ပွဲတွင် အားရစရာ မရှိခဲ့ပေ။ သို့သော် ကျွန်တော်တို့အားလုံး အနိုင်ရဖို့တော့ မျှော်လင့်ခဲ့ကြသည်။ ကံကြမ္မာသည် ထိုနေ့က ကျွန်တော်တို့ဘက်တွင် ရှိမနေခဲ့ပေ။ နောက်ဆုံးမိနစ်တွင် ထိုင်းက အနိုင်ဂိုးသွင်း သွားခဲ့သည်။ ဝမ်းနည်းစွာငိုကြွေးခဲ့သည့် ကွင်းအတွင်းမှ ဘောလုံးသမားများ၊ မြန်မာရှုံးလို့ ယူကြုံးမရငိုကြွေးခဲ့သည့် ပရိသတ်များကို မြင်ရသည်က ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။

ကျွန်တော်တို့က ကံကြမ္မာကြောင့်ဟု ရိုးမယ်ဖွဲ့ခဲ့ကြသော်လည်း တကယ်တော့ ကျွန်တော်တို့ မြန်မာအသင်း ထိုင်းအသင်းကို ဆီးဂိမ်းတွင် အနိုင်မရခဲ့သည်က ၁၉၇၉ ခုနှစ်ကတည်းက ဖြစ်သည်။ ယခုဆိုလျှင် နှစ်ပေါင်း ၃၈ နှစ်ခန့်ပင် ရှိသွားပြီ ဖြစ်သည်။ ထိုင်းကို ဘောလုံးတွင်သာ အနိုင်မရသည်မဟုတ် အခြားအားကစားအဖက်ဖက်တွင်လည်း အနိုင်မရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

လေ့လာကြည့်မိသလောက်တော့ ကျွန်တော်တို့နိုင်ငံကို ဗ်ုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်သောအခါ အားကစားလောကကြီးတစ်ခုလုံး တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ရသည်။ ၁၉၈၈ အရေးအခင်းဖြစ်ပြီးသည့် နောက်တွင်တော့ နိုင်ငံက အဖက်ဖက်က ကျဆင်းမှုများနှင့်အတူ အားကစားကဏ္ဍပါ ပိုမိုကျဆင်းခဲ့ရတော့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ ဆုတံဆိပ်ရရှိမှု အနေအထားကို ကြည့်လျှင် ထိုအချက်မှာ လုံးဝငြင်းမရပေ။

အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲအမည်ဖြင့်ကျင်းပချိန်က မြန်မာအသင်းသည် ဒေသတွင်း၌ အားကစားထူးချွန်သည့် ထိပ်သီးနိုင်ငံဖြစ်သည်။ သို့သော် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲဟု အမည်ပြောင်းလဲခဲ့သည့် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် ဒေသတွင်း၌ နောက်ဆုံးနားကို ရောက်ရှိသွားခဲ့ရသည်။ ၁၉၇၇ မှ ၁၉၉၁ ခုနှစ်အထိကို ဆုတံဆိပ်ရရှိမှု အဆင့်လိုက်ရပ်တည်မှုတွင် မြန်မာနိုင်ငံမှာ အဆင့် ၆ လေးကြိမ်၊ အဆင့် ၅ နှစ်ကြိမ်၊ အဆင့် ၃ တစ်ကြိမ်၊ အဆင့် ၇ တစ်ကြိမ် ရရှိခဲ့သည်။ ၁၉၉၃ မှ ၂၀၁၅ ခုနှစ်အထိ ပြိုင်ပွဲများတွင်တော့ အဆင့် ၇ နှင့် ၈ ကိုသာ မြန်မာတို့ ရရှိတော့သည်။ ၂၀၁၃ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ချိန်တွင်တော့ အဆင့် ၂ တစ်ကြိမ်ရခဲ့ဖူးသည်။ ထိုကဲ့သို့ ရရှိခဲ့ခြင်းမှာ မြန်မာအားကစားလောက တိုးတက်လာခြင်းကြောင့် မဟုတ်ဘဲ ဝိုင်းခြင်းနှင့်လှေလှော်ကဲ့သို့ ရိုးရာ အားကစားနည်းများကြောင့် အဆင့် ၂ ရခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိုးရာ အားကစားနည်းများ ထည့်သွင်းခဲ့တာတောင် ထိုင်းကို ကျွန်တော်တို့ မကျော်ဖြတ်နိုင်ခဲ့ပေ။

မြန်မာအားကစားလောကသည် တစ်ချိန်က အောင်မြင်ခဲ့သည် ယခုဘာကြောင့် မအောင်မြင်တော့သနည်း။ ပြဿနာများကတော့ မြောက်များစွာရှိသည်။ လက်ရှိတွင် နိုင်ငံ၏စီးပွားရေးက ကျဆင်းနေသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ပြဿနာများရှိသည်။ ပြည်တွင်းစစ်မီးများကလည်း မငြိမ်းသေးသလို အစိုးရနှင့်အတိုက်အခံကြားတွင်လည်း တွန်းတိုက်မှုများက ရှိနေသေးသည်။ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကျွန်တော်တို့နိုင်ငံသည် အားကစားဘက်တွင် မအောင်မြင်ခြင်းမှာ မထူးဆန်းဟု ပြောရပေမည်။

နိုင်ငံတွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးသည် ပထမအရေးအကြီးဆုံးဖြစ်နေပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ဒုတိယအရေးအကြီးဆုံးနေရာတွင် ရှိနေပေသည်။ ထိုအဓိက ကဏ္ဍများကောင်းမွန်လာမှသာ နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးက ကောင်းမွန်လာပေမည်။ ထိုကဏ္ဍများ မကောင်းမွန်သရွေ့ အားကစားကဏ္ဍသည်လည်း ကျဆင်းနေဦးမည်သာ ဖြစ်သည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၏အိမ်တွင်းစီးပွားရေးတိုးတက်ကောင်းမွန်လာဖို့ အရေးကြီးလှသည်။ ထို့မှသာ ကျွဲကူးရေပါ ဆိုသလို အားကစားဘက်ကိုလည်း အာရုံစိုက်နိုင်လာပေလိမ့်မည်။

International Republican Institute ကပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် နိုင်ငံ၏အခြေခံလူတန်းစားများစီးပွားရေးကျပ်တည်းမှုကို အထင်အရှားတွေ့ရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် ရရှိသောဝင်ငွေ ၁၀၀ ရာခိုင်နှုန်းကို စားဝတ်နေရေးအတွက် ပြန်လည်အသုံးပြုနေရသည်။ လူ ၂ ဦးတွင် ၁ ဦးက ရရှိသည့်ဝင်ငွေကို အကုန်ပြန်သုံးနေရသည်။ ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းနှင့်အထက်ကို ပြန်အသုံးပြုနေရသော အိမ်ထောင်စုက ၆၅ ရာခိုင်နှုန်းရှိနေသည်။ လူ ၃ ယောက်တွင် ၂ ယောက်က ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ပြန်အသုံးပြုနေရသည့် သဘောဖြစ်သည်။ ထို့ကြောင့် အားကစားဘက်ကို အာရုံမစိုက်နိုင်ခြင်းမှာ မထူးဆန်းပေ။ ထိုစစ်တမ်းမှာ စာရွက်ပေါ်မှ စစ်တမ်းဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမဟုတ်သေးပေ။ မြေပြင်တွင် ဒီထက်ကောင်းဖို့မရှိပဲ ဆိုးဖု့ိသာ ရှိပေသည်။

NLD အစိုးရတက်လာပြီး ၁ နှစ်ခွဲကျော်လာသည့်အချိန်တွင် နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးဘက်ကို ပြန်လည်အာရုံစိုက်လာခဲ့သည်။ ထိုအခြေအနေကပင် ဝမ်းသာစရာဟု ဆိုရမည်။ သို့သော် ယခုလက်ရှိမှာပင် စီးပွားရေး၌ ပဲဈေးကွက်က ကျဆင်းနေပြီး နိုင်ငံခေါင်းဆောင်းများ ခေါင်းချင်းရိုက်နေချိန်တွင် အနောက်တံခါးမှ အကြမ်းဖက်ဘင်္ဂါလီများအရေးက အလွန်အရေးကြီးနေပြန်သည်။ ထို့ကြောင့် မြန်မာ့အားကစားလောကတိုးတက်ရေးကို ခေတ္တနောက်ဆုတ်ထားရဦးမည်သာ။ ဒါကို ကျွန်တော်တို့အားလုံးနားလည်ဖို့ လိုသည်။ အားကစားလောက၏အနာဂတ်သည် နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပေသည်။

ယခု မြန်မာ့ဘောလုံးအတွက် ဦးဇော်ဇော်က သူ၏ကိုယ်ပိုင်ငွေများ စိုက်ထုတ်သုံးစွဲပြီး အောင်မြင်မှုရရန်ကြိုးပမ်းနေခြင်းသည် ကောင်းမွန်ပါသည်။ ဦးဇော်ဇော်၏ အနစ်နာခံမှုကိုလည်း အသိအမှတ်ပြုပါသည်။ သို့သော် ထိုနည်းလမ်းသည် မှန်ကန်သော နည်းလမ်းတော့ မဟုတ်ပေ။ မြန်မာ့ဘောလုံးလောကတစ်ခုလုံး ပုဂ္ဂိုလ်တစ်ဦး၏အပေါ်တွင် မူတည်နေခြင်းသည် အနာဂတ် အတွက် မကောင်းမွန်ပေ။ စနစ်တစ်ခုပေါ်တွင် အခြေတကျနှင့် လည်ပတ်နိုင်ရန် ပြုလုပ်ရပေမည်။ လက်ရှိတွင် မဖြစ်နိုင်သေးသော်လည်း အနာဂတ်တွင် လုပ်ကို လုပ်ရပေလိမ့်မည်။

ထိုကဲ့သို့ ပြုလုပ်ရန် နိုင်ငံတော်၏ အခန်းကဏ္ဍကလည်း မပါဝင်လို့မဖြစ်ပေ။ ထို့သို့ဖြစ်ရန်မှာလည်း ဒီမိုကရေစီ အစိုးရကောင်းတစ်ရပ် လိုအပ်ပေသည်။ ဒီမိုကရေစီ အစိုးရကောင်းတစ်ရပ်   ပေါ်ပေါက်လာရန်မှာလည်း နိုင်ငံသားတစ်ဦးချင်းစီကိုယ်တိုင်က စတင်ပြောင်းလဲပြီး ပါဝင်ရန်လိုအပ်ပေသည်။ ကျွန်တော်တို့၏ပြုပြင်ပြောင်းလဲမှုများက ကျွန်တော်တို့၏အနာဂတ်မျိုးဆက်များအတွက် အစိုးရကောင်းတစ်ရပ်ကို ရရှိလိမ့်မည်ဟု မျှော်လင့်မိသည်။ ထိုအခါ အားကစားလောကလည်း ပြန်လည်တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly