အစွန်းရောက် ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းအစား ARSA အစွန်းရောက် အကြမ်းဖက်သမားဟု ပြောင်းလဲသုံးနှုန်း

အစွန်းရောက် ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းအစား ARSA အစွန်းရောက် အကြမ်းဖက်သမားဟု ပြောင်းလဲသုံးနှုန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများတွင် အကြမ်းဖက်သမားများအား "အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ"ဟု ခေါ်ဝေါ်သုံးစွဲမှုအစား "ARSA အစွန်းရောက် အကြမ်းဖက်သမားများ"ဟု အစိုးရက ပြောင်းလဲ အသုံးပြုသည်ကို တွေ့ရှိရသည်။

သြဂုတ် ၂၉ရက် ညပိုင်းမှ စတင်ကာ "ARSA အစွန်းရောက် အကြမ်းဖက်သမားများ"ဟု ပြောင်းလဲ ခေါ်ဝေါ်သည်ကို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး အစိုးရက တရားဝင် သတင်းထုတ်ပြန်လေ့ရှိသည့် State Counsellor Information Committee ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် တွေ့ရခြင်းဖြစ်သည်။ 

ယင်းအပြင် အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာကိုလည်း "State Counsellor Information Committee"ဆိုသည့် အမည်မှ "Information Committee" ဟုလည်း ပြောင်းလဲထားသည်ကို တွေ့ရသည်။ 

ထို့အပြင် Information Committee တွင် ယခုရက်ပိုင်းအတွင်း ဖော်ပြခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် အချို့တွင်လည်း "ARSA အစွန်းရောက် အကြမ်းဖက်သမားများ"ဟုလည်း ပြောင်းလဲ အသုံးပြုထားသည်။

အစွန်းရောက် အကြမ်းဖက်သမားများအား တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးက မြန်မာသံမှူးနှင့် တွေ့ဆုံ ကမ်းလှမ်းခဲ့ကြောင်း သြဂုတ်လ ၂၉ရက်က AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ယင်းသို့ အခေါ်အဝေါ် ပြောင်းလဲမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ လက်ကိုင်ဖုန်း နှစ်လုံးကို မဇ္ဈိမက ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း SMS မှတစ်ဆင့် အကြောင်းပြန်ခဲ့သည်။ 

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ "အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်အစား ARSA အကြမ်းဖက်လို့ ပြောင်းသုံးတယ်။ ဒါက သူတို့လုပ်ပိုင်ခွင့်ပဲ။ ပြောင်းခွင့်ရှိပါတယ်။  
ဒါပေမယ့် ဘာ့ကြောင့်ပြောင်းလဲသုံးစွဲတယ်။ သတင်းထုတ်ပြန်ရေး ကော်မတီက ပြန်ကြားရေး ဒါမှမဟုတ် သမ္မတရုံး ဒါမှမဟုတ် အစိုးရအဖွဲ့ ဒါမှမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ် ဘယ်သူ့ကို ကိုယ်စားပြုတယ်ဆိုတာလည်း ပွင့်လင်းမြင်သာစွာပြောသင့်တယ်။" ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။

သြဂုတ်လ ၂၆ရက်ကမူ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သူများကို အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ နှင့် ARSAတို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားပြီးဖြစ်ကြောင်း အစိုးရက တရားဝင်ကြေငြာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly