ရေဘေးကြောင့် ပျက်စီးသီးနှံ ဧက ၄ သိန်း ၈ သောင်းကျော်ရှိသော်လည်း ပြန်စိုက်ဧက ၅သောင်းကျော်သာရှိ

ရေဘေးကြောင့် ပျက်စီးသီးနှံ ဧက ၄ သိန်း ၈ သောင်းကျော်ရှိသော်လည်း ပြန်စိုက်ဧက ၅သောင်းကျော်သာရှိ
ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်နေသည့် လယ်ယာမြေတနေရာအားဝေဟင်မှ မတ်လ ၃ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

သြဂုတ် ၁၂ ရက် ။        ။ တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ဒေသ တို့တွင် ယခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း သီးနှံများရေကြီး ရေမြုပ်ပြီး ဧကပေါင်း ၇ သိန်း ၄ သောင်း ၅ ထောင်ကျော် ထိခိုက်ပြီး၊ှ ပျက်စီးမှု ဧကပေါင်း ၄ သိန်း ၈ သောင်းကျော် ရှိသည်ဟု သိရသည်။

ရေမြုပ်ဧက ၁၃ သိန်းခြောက်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့ရာမှ ၁၀ သိန်းနှစ်သောင်းခုနှစ်ထောင်ကျော် ရေပြန်ပေါ်သည်ဟုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ ပြန်လည်စိုက်ပျိုးနိုင်သည့် တစ်နိုင်ငံလုံး စုစုပေါင်း ဧကမှာမူ ၅ သောင်း ၇ ထောင်ကျော်သာရှိသည်။

ထုတ်ပြန်ထားသည့်စာရင်းအရ ထိခိုက်ပျက်စီးမှုများတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်သည်။ ထိခိုက် ၂ သိန်း ၇ သောင်းကျော်ရှိပြီး ပျက်စီးပြီး ဧက ၂ သိန်းတစ်သောင်းကျော်ရှိ သည်။ ရေမြုပ်ဧက ၂ သိန်း ၉ သောင်းကျော်လုံး ပြန်ပေါ်သည်ဟု သိရသော်လည်း ပြန်လည်စိုက်ပျိုးနိုင်သည့်ဧကမှာ ၄ သောင်း ၇ ထောင်ကျော်သာဖြစ်သည်။

စစ်ကိုင်းတိုင်းသည် ထိခိုက်မှု ဧက တစ်သိန်းသုံးသောင်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ပျက်စီးမှု ဧက ၈ သောင်း ၇ ထောင် ကျော် ရှိနေသည်။ ပြန်စိုက်နိုင်သည့်ဧကမှာမူ ရှစ်ထောင်သုံးရာကျော်သာဖြစ်သည်။

ပဲခူးတိုင်းသည် ထိခိုက်မှု ဧက တစ်သိန်းနှစ်သောင်းကျော်၊ ပျက်စီး ဧက လေးသောင်းနှစ်ထောင်ကျော်ဖြင့် တတိယ ဖြစ်သည်။ ပြန်လည်စိုက်ပျိုးနိုင်ခြင်းလည်း လုံးဝမရှိသေးကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly