အင်ဒိုနီးရှားကိုရှုံးနိမ့်ပြီး မြန်မာယူ ၂၂ အသင်း တတိယဆုနှင့်လွဲချော်

အင်ဒိုနီးရှားကိုရှုံးနိမ့်ပြီး မြန်မာယူ ၂၂ အသင်း တတိယဆုနှင့်လွဲချော်
ဓါတ်ပုံ MFF

သြဂုတ် ၂၉၊ ရန်ကုန်။      ။ မြန်မာယူ ၂၂ အသင်းသည် အင်ဒိုနီးရှားယူ ၂၂ အသင်းကို အရေးနိမ့်ခဲ့သဖြင့် ဆီးဂိမ်းစ်တတိယကြေးတံဆိပ်ဆုနှင့် လွဲချော်ခဲ့ရ သည်။

မလေးရှားနိုင်ငံတွင် မွန်းလွဲ ၃း၀၀ နာရီက ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို ၃-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

ပွဲချိန်ပထမပိုင်းတွင် နှစ်သင်းစလုံးကစားပုံမကောင်းခဲ့သော်လည်း မြန်မာအသင်းကခြေစွမ်းအနည်းငယ်အသာရခဲ့ပြီး ပွဲချိန် ၂၂ မိနစ်တွင် မောင်မောင်လွင်၏ပေးပို့မှုမှတစ်ဆင့် သန်းပိုင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း၏ အားနည်းသော တောင်ပံများမှတစ်ဆင့် ဖြတ်တင်ဘောများပေးပို့ သည့် ကစားကွက်ကိုအသုံးပြုလာခဲ့ပြီး ထိရောက်မှုလည်းရှိခဲ့သည်။

မြန်မာအသင်းမှာ ပြိုင်ပွဲတစ်လျှောက်လုံး တောင်ပံမှ တိုက်စစ်ဆင်မှုများကို ကာကွယ်နိုင်မှုအားနည်းခြင်း၊ ကွင်းလယ်တွင် နေရာလွတ်ကြီးမားစွာဖြစ်ပေါ်နေခြင်းတို့ကို   ပြင်ဆင်နိုင်ခြင်းမရှိခဲ့၍   ခြေရည်တူအသင်းများ၊ ခြေရည်သာသည့်အသင်းများနှင့်တွေ့သည့်ပွဲများတွင် ရလဒ်များဆိုးခဲ့ရသည်။

အင်ဒိုနီးရှားအသင်းသည် ပွဲချိန် ၅၇ နှင့် ၅၉ မိနစ်တွင် နှစ်ဂိုးဆက်တိုက်ရရှိခဲ့ပြီး ၂-၁ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ကာ ပွဲချိန် ၇၇ မိနစ်တွင်လည်း အနိုင်သေချာစေမည့် ဂိုးကိုရရှိခဲ့ပြန်သည်။

မြန်မာအသင်းမှာ မောင်မောင်လွင်ကိုထုတ်ပြီး အောင်ကောင်းမာန်ကိုထည့်သွင်းခဲ့သော်လည်း လိုအပ်နေသည့် ဂိုးများမရခဲ့ဘဲ ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ကာ စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly