NGO/ INGO များ တင်သွင်းခဲ့သည့်ပစ္စည်းများက လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေးဝန်ကြီးပြော

NGO/ INGO များ တင်သွင်းခဲ့သည့်ပစ္စည်းများက လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေးဝန်ကြီးပြော

ရန်ကုန်၊ သြဂုတ် ၂၉ ။           ။ ရခိုင်ပြည်နယ်သို့ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် NGO/ INGO များတင်သွင်းခဲ့သည့် ပစ္စည်းများက အကြမ်းဖက်သမားများလက်သို့   ရောက်ရှိလာသည့်အချိန်တွင် လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောဆိုလိုက်သည်။

"တချို့ NGO/ INGO တွေဟာ အဲ့ဒီ့ဒေသမှာ ဘူးသီးတောင်၊ မောင်တောနယ်မြေမှာ ထူထောင်ရေးလုပ်ငန်းများအတွက် တင်သွင်းတဲ့ပစ္စည်းကိရိယာတွေ တွေ့ရပါတယ်။ အဲ့တာတွေကတော့ သံပိုက်လုံးတွေ အမိုးနီးယား ဓာတ်မြေသြဇာတွေ တင်သွင်းလာနေတာတွေ့ရပါတယ်။ အဲ့ဒီ့ ပစ္စည်းတွေဟာ အကြမ်းဖက်သမားများလက်ထဲရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို   ပြန်လည်တိုက်ခိုက်လာနိုင်တဲ့ လက်လုပ်မိုင်းတွေ၊ လက်လုပ်ယမ်းတွေလုပ်ပြီးတော့မှ ကျွန်တော်တို့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို   ပြန်လည်တိုက်ခိုက်လာတယ်ဆိုတာကို ဖော်ထုတ်လို့ရပါတယ်" ဟု  ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ပြုလုပ်သည့် အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံတကာ သံအမတ်များ တွေ့ဆုံပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် "ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တော နယ်မြေကို သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းပိုက်ဖို့ ရည်ရွယ်ပြီးဆောင်ရွက် တယ်ဆိုတာကို ဖော်ထုတ်လို့ရပါတယ်" ဟု ၎င်းကပြောဆိုသည်။

အကြမ်းဖက်မှုစတင်ဖြစ်ပွားသည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက် ခိုက်ခံရသည့်ဖြစ်စဉ်ကြောင့် လက်နက် ၃၈ လက်ကို အကြမ်းဖက်သမားများက ရရှိထားပြီး ၆၃ ဦး အသတ်ခံထားရသည်ဟု သိရသည်။

အမျိုးသားလုံခြုံရေးအဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ မြန်မာနိုင်ငံ ရဲရေးချုပ်တို့က နိုင်ငံတကာမှ သံသမန်များကို ခေါ်ယူ၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly