UEFA စူပါဖလားပြိုင်ပွဲတွင် အနိုင်ဂိုးသွင်းယူပေးပြီးနောက် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း ပက်ဒရိုဖွင့်ဟ

UEFA စူပါဖလားပြိုင်ပွဲတွင် အနိုင်ဂိုးသွင်းယူပေးပြီးနောက် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း ပက်ဒရိုဖွင့်ဟ

သြဂုတ် ၁၂၊ စပိန် ။       ။ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်း ယူပေးပြီးနောက် စပိန်တိုက်စစ်ကစားသမား ပက်ဒရိုက ဘာစီလိုနာအသင်းမှ ထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပက်ဒရိုကို မန်ချက်စတာမြို့ခံနှစ်သင်းလုံးက စိတ်ဝင်စားလျက်ရှိပြီး မန်ယူအသင်းက ၎င်းအတွက် လျော်ကြေးငွေဖြစ်သော ပေါင် ၂၂ သန်းကို ပေးချေမည်ဟု ကမ်းလှမ်းထားပြီး ဖြစ်သည်။

ပက်ဒရိုသည် ဘာစီလိုနာအသင်းတွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာတို့၏နောက်တွင် ဒုတိယဦးစားပေးအဖြစ်သာ ကစားနေရပြီး ပွဲထွက်ခွင့် ပိုမိုရရှိရန် အလိုရှိနေသည်။ ပက်ဒရိုသည် ဘာစီလိုနာတွင် အရန်အဖြစ်သာ ကစားနေရသော်လည်း ပါဝင်ခွင့်ရသည့်အချိန်တိုင်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး လိုအပ်သည့် ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။

ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင်လည်း အချိန်ပိုတွင် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ၎င်း၏ဘာစီလိုနာကစားသမားဘ၀ ၉၉ ဂိုးမြောက်ဂိုးလည်း ဖြစ်သည်။

'လက်ရှိအခြေအနေက ကျွန်တော့်အတွက် တကယ်ကို ခက်ခဲပါတယ်။ ပွဲထွက်ကစားခွင့်ပိုရလိုပါတယ်။ ဒါပေမဲ့ ဒါက ဘယ်တော့ဖြစ်လာမလဲ မသိပါဘူး။ ကျွန်တော်က ဘာစီလိုနာအသင်းရဲ့ ထာဝရ ပရိသတ်ပါပဲ။ ကျွန်တော်အသင်းက ထွက်ခွာချင်သလားဆိုတော့ မသွားချင်ပါဘူး။ ဒါပေမဲ့ လက်ရှိအနေအထားက ခက်ခဲပါတယ်။ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ဒီထက်ပိုပြီးဘောလုံး ကစားချင် ပါတယ်။ ဒီကနေ့ရရှိခဲ့တဲ့ ဆုဖလားနဲ့ ပြိုင်ပွဲအတွက် ကျွန်တော်ပျော်ပါတယ်' ဟု ပက်ဒရိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly