ပဲတောင်သူများ စျေးကွက်မရှိပါက အခြေခံစျေးနှုန်းသတ်မှတ်ဝယ်ယူပေးရန် တင်ပြထား

ပဲတောင်သူများ စျေးကွက်မရှိပါက အခြေခံစျေးနှုန်းသတ်မှတ်ဝယ်ယူပေးရန် တင်ပြထား
ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုံရှိ ပဲသန့်စက်ရုံရှိ အလုပ်သမားများအား တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ဒီဇင်ဘာလ ပဲပေါ်ချိန်တွင် တောင်သူများရောင်းချရန် ဈေးကွက်မရှိပါက အခြေခံဈေးနှုန်းသတ်မှတ်ဝယ်ယူနိုင်ရန် အစိုးရကို တင်ပြထားသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

မြန်မာပြည်မှ အိန္ဒိယနိုင်ငံသို့ အဓိကထားတင်ပို့နေသည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း စသည်တို့ကို အိန္ဒိယဘက်က ကန့် သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသောကြောင့် ပဲပေါ်ချိန်တွင်   တောင်သူများအတွက် ရောင်းချရန် ဈေးကွက်အခက် အခဲဖြစ်နေသည်။

ထို့ကြောင့် ပဲတောင်သူများအတွက် ဈေးကွက်တစ်ခုကို ဖန်တီးပေးနိုင်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ဆိုသည်။

"ထွက်တဲ့ပဲတွေ ရောင်းရမှာပဲ။ ရောင်းရမယ့် ပဲက ဝယ်မယ့်သူမရှိရင် ပြသာနာက တော်တော်လေး တောင်သူ အပေါ် ရိုက် ခက်သွားမယ်" ဒီဇင်ဘာလတွင် ပြည်တွင်းမှာ  ပဲစထွက်မည်ဖြစ်ပေမယ့် အိန္ဒိယက ၂၀၁၈ခုနှစ်၊ မတ်လကုန်မှသာ ပြန်လည်ဝယ်ယူမှာ ဖြစ် သောကြောင့် ကြားကာလများမှာ တောင်သူများ အခက်အခဲမဖြစ်စေရန်အတွက် အစိုးရပိုင်းက ညှိနှိုင်းပေးသွားရန်အပြင် ပဲကုန်သည်များ၊ ဘဏ်များအပါအဝင် နိုင်ငံတော်၏ ပံ့ပိုးမှုများနှင့် ပဲဝယ်ယူရေးဆောင်ရွက်သွားရန်ကိုပါ တင်ပြထား သည်ဟု ဦးထွန်းလွင်က ပြောဆိုထားသည်။

ယင်းသို့ အိန္ဒိယဘက်က ပဲတင်သွင်းမှုကန့်သတ်မှု ဂယက်ကြောင့် ပြည်တွင်းပဲဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်ခြင်း များ ဖြစ်ပေါ်ခဲ့ရခြင်းသည် ပဲတင်ပို့မှုအတွက် နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အတွက်ကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

“ပေါ်ပေါက်နေတဲ့ ဈေးထက်ပိုရနိုင်လိမ့်မယ်လို့ မျှော်မှန်းချက်ကြောင့် MOU မထိုးနိုင်ခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး စီးပွား/ ကူးသန်းဝန်ကြီးဌာနဘက်က ကြိုးပမ်းခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းတဲ့အချိန်မှာ အဆင်မပြေ မှုတွေ ဖြစ်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

အိန္ဒိယ၏ ပဲတင်သွင်းမှု ကန့်သတ်မှုနှင့် ပတ်သတ်၍ ဝန်ကြီးချုပ်က “အိန္ဒိယကချည်းပဲ လုပ်တယ်လို့ ပြောလို့မရပါဘူး။ ကိုယ့်ဘက်ကရော ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်ရဲ့ ဝယ်လက်တွေ၊ ကိုယ့်ရဲ့ ဈေးကွက်မှာရှိတဲ့ သူတွေနဲ့ ဘယ်လောက် မျှမျှတတ စဉ်းစားခဲ့သလဲဆိုတာ အရေးကြီးပါတယ်” ဟု ဖြည့်စွပ်ပြောဆိုထားသည်။

နိုင်ငံ၏ ပြည်ပပဲတင်ပို့မှုအတွက် အစိုးရအနေနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ပဲစိုက်တောင်သူများ၊ ပဲကုန်သည်များ အကျိုး အမြတ်ရရှိစေပြီး နိုင်ငံတော်အတွက်လည်း GDP တိုးတက်အောင် စသည့် ရည်မှန်းချက်များအပေါ်တွင် မျှမျှတတ စဉ်းစား ကာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်က သြဂုတ်လ ၂၈ ရက်နေ့ ရန်ကုန်မြို့ ကုန်သည်-စက်မှုအသင်းချုပ်ရုံးတွင်   ပြုလုပ်သည့် နဝမအကြိမ်မြောက် နိုင်ငံတော်၏ ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ တွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly