“လယ်ယာမြေစျေးနှုန်း ကြီးမြင့်သောကြောင့် စီမံကိန်းကြီးများ ဖော်ဆောင်လို့မရ”

“လယ်ယာမြေစျေးနှုန်း ကြီးမြင့်သောကြောင့် စီမံကိန်းကြီးများ ဖော်ဆောင်လို့မရ”
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တွံတေးတံတားအနီးရှိ ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်နေသည့် နေရာကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ ဘိုဘို
 

(ရန်ကုန်တိုင်းအစိုးရက မြေယာဈေးကြီးမြင့်မှုက ရင်းနှီးမြှုပ်နှံမှုများကို အနှောင့်အယှက်မဖြစ်ရန် ဆောင်ရွက်မည်)

ရန်ကုန်၏ လယ်ယာမြေဈေးနှုန်းများကြီးမြင့်နေသောကြောင့် စီမံကိန်းကြီးများကို အကောင်အထည်ဖော်သည့်နေရာတွင် အခက်အခဲများဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ယင်းကို သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သော နိုင်ငံတော် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုးကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောဆိုခြင်းဖြစ်သည်။

“လယ်ယာဈေးက မြို့မြေလိုဖြစ်နေတဲ့အတွက် နိုင်ငံတော်က တည်ဆောက်တဲ့ စီမံကိန်းကြီးတွေ လုပ်တဲ့နေရာမှာ ဥပမာ လမ်းဖောက်မယ်ဆိုတဲ့ကိစ္စမျိုး ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ မြေသိမ်းပြီး ပြန်လျှော်ပေးရမယ်ဆိုတဲ့ အခြေ အနေအပေါ်မှာ ဈေးနှုန်းကို လယ်ဈေးမဟုတ်ဘဲနဲ့ အပြင်ဈေးမျိုးနဲ့ရမှဆိုတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အတွက် ဒီအခြေ အနေတွေကိုတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ အထူးဂရုပြုရမယ့်ကိစ္စထဲမှာပါပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်က လယ်ယာမြေဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သတ်ပြီး ပြောဆိုရာတွင် မြေဝယ်ယူမှုများသည် အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက်မဟုတ်ဘဲ အခြားနည်းလမ်း သုံးစွဲခွင့်လျှောက်ထားပြီး အကျိုးအမြတ်ရရန် ဈေးကစားနေခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က…“မြေယာကို ဝယ်ပြီးတော့ ကုန်ပစ္စည်းတစ်ခုလို ဈေးကစားတယ်၊ ရောင်းကုန်လို သတ်မှတ်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီးတော့ တန်ဖိုးကြီးကြီးနဲ့ ရောင်းစားတဲ့ လူတွေ လက်ထဲမှာ ရောက်သွားတဲ့ အခါကြတော့ ဒီအပေါ်မှာ စီမံကိန်းလုပ်ငန်းတွေ လုပ်ဖို့ ကြတော့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်” ဟု လယ်ယာမြေများအပေါ် အမြတ်ထုတ်ခြင်းအကြောင်းကို ပြော သည်။

ဦးဝင်းကြိုင်က မှန်ကန်သည့် မြေယာအပေါ်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြင့်တက်စေသော ကဏ္ဍများကို ဆောင်ရွက်နိုင် လျှင် တိုင်းပြည်အမှန်တိုးတက်မည်ဟု ဖြည့်စွပ်ပြောဆိုထားသည်။
ယင်းသို့ လယ်ယာမြေဈေးနှုန်းကြီးမြင့်နေသည့်အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေ နှင့်လည်း မြေယာစီမံခန့်ခွဲမှု များကို စနစ်တကျဆောင်ရွက်သွားပြီး မြေဈေးနှုန်းကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အနှောင့်အယှက်မဖြစ်အောင် လုပ် ကိုင်မည်ဟု သိရသည်။

“မြေစီမံခန့်ခွဲမှုကနေပြီးတော့ စနစ်တကျနဲ့ ဆောင်ရွက်ပေးရင် မြေဈေးဟာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေမှာ အနှောင့်အယှက် မဖြစ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရဘက်ကနေ ဆောင်ရွက်နေတယ် ဆိုတာကို အသိပေးလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အသိပေးပြောဆိုထားသည်။

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြန်ဆန်စေရေးအတွက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား ဖွဲ့စည်းထားပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (ကျပ် သန်းခြောက်ထောင်) ပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးအဆင့်မှာတင် အမြန်ဆုံးစိစစ်ခွင့်ပြုပေးသွားမှာဖြစ်သည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly