ARSA အကြမ်းဖက်အုပ်စု နှိမ်နင်းရာမှာ မြန်မာကို စစ်ရေးအကူအညီပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ARSA အကြမ်းဖက်အုပ်စု နှိမ်နင်းရာမှာ မြန်မာကို စစ်ရေးအကူအညီပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း
Photo-Reuters

သြဂုတ် ၂၉ ။           ။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်နေတဲ့ ARSA အကြမ်းဖက် သမားတွေကို မြန်မာ့တပ်မတော်နဲ့ပူးပေါင်းပြီး တိုက်ခိုက်နှိမ်နင်းပေးလိုတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြု ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ဒါကာမြို့က မြန်မာသံမှူးနဲ့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အကြမ်းဖက်သမားတွေကို စစ်တပ်ချင်းပူးပေါင်းတိုက်ခိုက်ဖို့ အဆိုပြုကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

" မြန်မာဘက်ကသာ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ နှစ်နိုင်ငံ လုံခြုံရေးတပ်တွေအတူ ပူးပေါင်းပြီး ဒီ အကြမ်းဖက် သမားတွေကို တိုက်ခိုက်နိုင်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဘင်္ဂါလီ အကြမ်းဖက်သမားတွေအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပြီး မြန်မာလုံခြုံရေးတပ်တွေက ရှင်းလင်း တိုက်ခိုက်နေရပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂါလီ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေလျက်ရှိတယ်လို့လည်း AFP က ရေးပါတယ်။

ယခုအချိန်ထိ လူပေါင်း ၃,၀၀၀ ကျော် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိခဲ့ကြတယ်လို့လည်း ကုလ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပါတယ်။

အလားတူ မြန်မာနဲ့ နယ်စပ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီ ထောင်ပေါင်းများစွာ ရှိနေကြောင်း၊ ယင်းနယ်စပ်မှာ ဘင်္ဂါလီတွေကို တားဆီးပြီး မူလနေရပ် ပြန်ပို့ဖို့ လုပ်ဆောင်နေရလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly