ပုစွန်ငပိရှောက်သီးထောင်း

ပုစွန်ငပိရှောက်သီးထောင်း

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ပုစွန်ငပိရှောက်သီးထောင်းလေးလုပ်စားဖြစ်ပါတယ်။ချဉ်ချဉ်ငံငံစပ်စပ်မှ စားချင်သူတွေအတွက် ဒီတမျိုးထဲနဲ့တင် ချွေးပြန်စေမှာပါ။

ပုဇွန်ငပိရှောက်သီးထောင်း လုပ်ဖို့လိုအပ်တာတွေကတော့

မျှင်ငပိ ၅ကျပ်သား

ပုစွန်ကျော့ ၁၀သား

ရှောက်သီး  ၁လုံး

ကြက်သွန်ဖြူ ၁ဥ

ငရုတ်သီးစိမ်း ၂ကျပ်သား တို့လိုအပ်ပါတယ်။

အရင်ဆုံး ရှောက်သီးကို အခွံခွာပြီး အမျှင်လေးတွေယူထားပါ။ရှောက်သီးက ခါးတက်တာမို့ ဆားရည်ထဲစိမ်ထားပေးရပါမယ်။

ပြီးရင်တော့ ပုစွန်ကို အခွံခွာ သန့်စင်ထားပါ။ ပြီးရင်တော့ လျှပ်စစ်ဟင်းအိုးထဲ  ငရုတ်သီးစိမ်းကို အောက်ကထား အပေါ်မှာ ငပိလေးကို အပြားလေးဖြစ်အောင်လုပ်ပြီးတင်ထားပါ။ကြက်သွန်ဖြူလေးတွေကို လဲတစ်ခါထဲထည့်ပါ။အခွံခွာထားတဲ့ ပုစွန်လေးတွေကို ဘေးက ရံထားပြီး မီးအေးအေးနဲ့ အပူပေးပါ။

 ငရုတ်သီးစိမ်းအိုးကပ်ပြီး မွှေးလာရင် ပုစွန် ကျက် မကျက် တစ်ချက်ကြည့်ပါ။ ပုစွန်ရဲပြီး ကျက်ပြီဆိုရင်တော့ ခဏ အအေးခံထားပါ။

ငရုတ်ဆုံသန့်သန့်ထဲ ပုစွန် ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို အရင်ထည့် ခပ်ညက်ညက်လေးထောင်းပါ။ ပြီးရင် ငပိထည့်ပါ။အပေါ့ အငန် မြည်း ပြီးဆားထည့်ပါ။  အားလုံးနှံ့သွားပြီဆိုမှ   ရှောက်သီးအမျှင်လေးတွေထည့် ခပ်ဖွဖွလေးထောင်းပါ။ အခုဆိုရင်တော့ ချဉ်ငံစပ်အရသာစူးစူးနဲ့ ပုဇွန်ငပိရှောက်သီးထောင်းလေးရပါပြီ။

ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly