ယူအီးအက်ဖ်အေ စူပါဖလားကို ဘာစီလိုနာအသင်း စံချိန်တင် ဆွတ်ခူး

ယူအီးအက်ဖ်အေ စူပါဖလားကို ဘာစီလိုနာအသင်း စံချိန်တင် ဆွတ်ခူး

သြဂုတ် ၁၂၊ တီဘီလီစီ ။          ။ ဂျော်ဂျီယာနိုင်ငံ၊ တီဘီလီစီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင် ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာအသင်းက ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အဖွင့်ဂိုးကို ဆီဗီလာကွင်းလယ်လူဘာနီဂါက ပွဲချိန် ၃ မိနစ်မှာပင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ သုံးမိနစ်သာ ခံလိုက်ပြီး မက်ဆီကပြစ်ဒဏ်ဘော ကနေချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၁၅ မိနစ်တွင် မက်ဆီက ပြစ်ဒဏ်ဘောမှပင် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ၄၄ မိနစ်တွင် ရာဖင်ဟာက ဆွာရက်စ်၏ ဖန်တီးပေးမှုမှ တတိယ ဂိုးကို သွင်းယူခဲ့သည်။

၃-၁ ဂိုးဖြင့် ဒုတိယပိုင်းကို ပြန်လည်စတင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်တွင် ဆွာရက်ဇ်က ဘာစီလိုနာအတွက် စတုတ္ထဂိုးကို သွင်းယူပေးခဲ့သည်။ သုံးဂိုးပြတ်ရှုံးနေသော်လည်း ဆီဗီလာအသင်းသည် ကြိုးစားကစား ခဲ့ပြီး ပွဲချိန် ၅၇၊ ၇၂ နှင့် ၈၁ မိနစ်တို့တွင် ရီယက်စ်၊ ဂါမီယိုနှင့် ကိုနိုပလန်ကာတို့က ချေပဂိုးများပြန်လည်သွင်းယူပေးခဲ့သည်။ ထို့ကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရသည်။

အချိန်ပိုတွင် ပွဲမှာ ဆက်လက်အကြိတ်အနယ်ဖြစ်ခဲ့ပြီး ၁၁၅ မိနစ်တွင် ပက်ဒရိုက ဘာစီလိုနာအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဆုဖလားကြီးကို ရယူပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် ယူအီးအက်ဖ်အေစူပါဖလားကို စံချိန်တင် ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၉၊ ၂၀၁၁ နှင့် ယခု ၂၀၁၅ ခုနှစ်တို့တွင် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly