ရှုံးပွဲမရှိဖယ်သာဝိတ်ချန်ပီယံ ဂါဖူရော့ဗ်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို လွှဲပြောင်းယူနိုင်ခဲ့တဲ့ မာတင်အန်ဂူယန်

ရှုံးပွဲမရှိဖယ်သာဝိတ်ချန်ပီယံ ဂါဖူရော့ဗ်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို လွှဲပြောင်းယူနိုင်ခဲ့တဲ့ မာတင်အန်ဂူယန်

ကွာလာလမ်ပူမြို့ နီဂါရာကွင်းကြီးထဲမှာ ကျင်းပခဲ့တဲ့ ONE: QUEST FOR GREATNESS ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအထူးစိန်ခေါ်ပွဲ အဖြစ် ပွဲတည်ထားသူတွေကတော့ ရုရှဖိုက်တာ ဂါဖူရော့ဗ်နဲ့ သြစတြေးလျဖိုက်တာ မာတင်အန်ဂူယန်တို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်က တစ်ကြိမ်ထိုးသတ်ခဲ့ကြဖူးပြီး ဂါဖူရော့ဗ်က သူကျွမ်းကျင်လိမ္မာတဲ့ ချုပ်ကွက်နဲ့ အန်ဂူယန်ကို အနိုင်ရထားခဲ့ဖူးပါတယ်။ ဂါဖူရော့ဗ်ဟာ ကြမ်းပြင်ပေါ်မှာ ချုပ်လဲှကစားတာကို ကျွမ်းကျင်ပိုင်နိုင်ပြီး အဲ့ဒီအကွက်နဲ့ပဲ အန်ဂူယန်ကို နောက်ကနေသိုင်းဖက် ခြေထောက်နှစ်ချောင်းကိုညှပ် လည်ပင်းကိုညှစ်ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီရှုံးပွဲအတွက် မကျေနပ်တဲ့ အန်ဂူယန်ဟာ အသေအချာပြင်ဆင်ခဲ့ပြီး ဂါဖူရော့ဗ်ကို ၂၀၁၇ ခုနှစ်ထဲမှာ မကျေပွဲနွှဲဖို့ ပြန်လည် စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမထိုးသတ်ခင်မှာ ဂါဖူရော့ဗ်က ၁၅ ပွဲနိုင် ရှုံးပွဲမရှိရလဒ်ကို ပိုင်ဆိုင်ထားပြီး အန်ဂူယန်က ၈ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ပထမအချီစလွှတ်လိုက်တယ်ဆိုရင်ပဲ ဂါဖူရော့ဗ်က လက်သီးထိုးချက်တွေ ခြေကန်ချက်တွေနဲ့ စတင်တိုက်စစ်ဖွင့်ခဲ့ပါတယ်။ ဂါဖူရော့ဗ်ရဲ့ ညာလက်သီးထိုးချက် အန်ဂူယန်ကို ထိခဲ့ပါတယ်။ အန်ဂူယန်ကလည်း ပြန်လည်ထိုးသတ်ပါတယ်။ အဲ့ဒီနောက်တော့ အချုပ်ကျွမ်းကျင်တဲ့ ဂါဖူရော့ဗ်က အန်ဂူယန်ကို အပေါ်စီးက ချုပ်ပြီး ထိုးသတ်ခဲ့ပါတယ်။ ဂါဖူရော့ဗ်အကြောင်းကိုသိနေပြီး သေချာပြင်ဆင်လာတဲ့ အန်ဂူယန်ဟာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။

ဒုတိယအချီဆက်လက်ထိုးသတ်ရာမှာတော့ အန်ဂူယန်က ဂါဖူရော့ဗ်ကို အချုပ်မခံဘဲ ခွာပြီး လက်သီးချင်းရင်ဆိုင်ဖို့ ကြိုးစားပါတယ်။ ဒုတိယအချီ ၁ မိနစ်နဲ့ ၂၈ စက္ကန့်မှာတော့ ဂါဖူရော့ဗ်အကျွံမှာ အန်ဂူယန်က ညာဝိုက်လက်သီးနဲ့ မေးဖျားကို ထိထိမိမိ ထိုးလိုက်ပါတယ်။ ညာဝိုက်လက်သီးက အပေါ်ကနေမိုးပြီး ထိုးလိုက်တာပါ။ ဒီထိုးချက်ကြောင့် ဂါဖူရော့ဗ် လဲကျသွားချိန်မှာ အန်ဂူယန်က အခွင့်အရေးကို လက်လွတ်မခံတော့ပဲ ညာလက်သီးနဲ့ တရစပ်ထိုးသတ်ပါတော့တယ်။ ဂါဖူရော့ဗ် လုံးဝပြန်မခုခံနိုင်တော့လို့ ဒိုင်လူကြီးက ပွဲကို အဆုံးသတ်လိုက်ပါတော့တယ်။

ဖယ်သာဝိတ်တန်းမှာ ရှုံးပွဲလုံးဝမရှိခဲ့တဲ့ ဂါဖူရော့ဗ်က ဒိုင်လူကြီးကို အနည်းငယ်စောဒကတက်ခဲ့ပြီး ကွင်းထဲကနေ ချက်ချင်းထွက်သွားခဲ့ပါတယ်။ ကွာလာလမ်ပူညမှာ အန်ဂူယန်က သူ့ရဲ့ပထမဆုံးချန်ပီယံခါးပတ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly