မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို ကူညီကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်ပေးနေ

မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို ကူညီကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်ပေးနေ
မောင်တောမှ ပြောင်းရွေ့လာသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ညွှန့်ဝင်း/အီးပီအေ)

ရန်ကုန်၊ သြဂုတ် ၂၈ ။            ။ ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ပေးနေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"မနေ့က ဝန်ကြီးချုပ်ကော လူကယ်ပြန်ဝန်ကြီးရော ရဟတ်ယာဉ်နဲ့ သွားပြီး ကူညီပံ့ပိုးထားတာရှိတယ်။ တပ်မတော်ဘက်က ကူညီနေတာတွေလည်းရှိနေတယ်။ ဒီနေ့လည်း ဘူးသီးတောင်၊ မောင်တောကို ဆက်သွားကြတယ်" ဟု ဦးမင်းအောင်က ဆိုသည်။

သြဂုတ် ၂၇ရက်နေ့က အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားရာ မောင်တောမြို့ပေါ်သို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ သွားရောက်ခဲ့ပြီး ဒုက္ခရောက်နေသူများအား ကယ်ဆယ်ကူညီရေးပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း ထွက်ပြေးတိမ်းရှောင်လာသူ ဒုက္ခသည်ဦးရေစာရင်း အတိအကျကိုမူ ကောက်ယူဆဲအခြေအနေဖြစ်သည့် အတွက် ပြောဆိုနိုင်သေးခြင်းမရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ဆက်လက် ပြောဆိုသည်။

"စာရင်းကတော့ ကောက်နေဆဲပဲ၊ အဓိကကတော့ မောင်တောက စာသင်ကျောင်းတွေမှာ လောလောဆယ် နေနေကြတယ်။ သုံးထောင် နှစ်ထောင် ဆိုသလိုပေါ့။ အကြမ်းအားဖြင့်သိရတာပါ၊ အတိအကျတော့မဟုတ်ဘူး" ဟု ၎င်းကဆိုသည်။

"မောင်တောမြို့ပဋိပက္ခများအား အစိုးရအဖွဲ့မှ ထိန်းချုပ်နိုင်ပြီလား"ဆိုသည့် မဇ္ဈိမ၏ မေးမြန်းမှုကိုမူ "ပြည်ထောင်စုက ထုတ်ပြန်ပါလိမ့်မယ်" ဟုသာ ပြန်လည်ဖြေဆိုခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့က စပြီး မောင်တောခရိုင်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ရဲစခန်းများ၊ ရဲကင်းများကို အကြမ်းဖက်သူများက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် ကင်းစခန်းပေါင်း ၃၀ အထိ တိုက်ခိုက်ခံခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၇ ရက်နေ့အထိ အစိုးရထုတ်ပြန်ချက်များအရ နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်လုပ်မိုင်း လုပ်သေနတ်များ ဓါးရှည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့်နေ့မှ လက်ရှိအချိန်အထိ နှစ်ဖက်သေဆုံးသူမှာ ၁၀၀ နီးပါးခန့် ရှိလာနေပြီး အများစုဟာ အကြမ်းဖက်သမားဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly