ကြက်ကလေးကို သားသမီးသဖွယ် စောင့်ရှောက်ပေးနေတဲ့ မျောက်မေမေ

ကြက်ကလေးကို သားသမီးသဖွယ် စောင့်ရှောက်ပေးနေတဲ့ မျောက်မေမေ

သြဂုတ် ၂၈ ။                    ။ အစ္စရေးတိရိစ္ဆာန်ရုံတစ်ခုမှာ မူလတုန်းက ဆွေမျိုးသားသမီးမရှိလို့ အထီးကျန်နေခဲ့တဲ့ နစ်ဗ် အမည်ရ မျောက်မကြီးကတော့ ခုချိန်မှာ သူ့ရဲ့ မြင့်မြတ်တဲ့ မိခင်မေတ္တာတွေကို ထုတ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။ ဒါကတော့ ကြက်တစ်ကောင်ကို သားသမီးသဖွယ် ခေါ်ယူစောင့်ရှောက်လိုက်ခြင်းပဲဖြစ်ပါတယ်။

Tel Aviv မြို့အနီးက Ramat Can ဆာဖာရီဥယျာဉ်မှာ နေထိုင်လျက်ရှိတဲ့ မျောက်မကြီး နစ်ဗ်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ သူ့ စောင့်ရှောက်ပေးနေတဲ့ ကြက်ကလေးကို သန့်ရှင်းပေးရင်း၊ အတူတူ ကစားကြရင်းနဲ့ပဲ အချိန်ကုန်နေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

" မျောက်မကြီး နစ်ဗ်က ခုဆို လေးနှစ်ရှိနေပါပြီ၊ မျိုးပွားရမယ့် အရွယ်တောင် ရောက်လာပီပေါ့၊ ဒါပေမယ့် သူ့အတွက်တော့ အဖော်ရှာဖို့ ခက်နေခဲ့ပါတယ်၊ ဒီအချက်ကြောင့်လည်း ခုကျတော့ ဒီကြက်ကလေးကို သူ့အတွက် သူ့သားသမီးလိုမျိုး သဘောထား စောင့်ရှောက်ပေးနေတာ ဖြစ်ပါလိမ့်မယ်" လို့ အဆိုပါ တိရိစ္ဆာန်ရုံမှ ပြောရေးဆိုခွင့်ရှိသူ Mor Porat က ပြောပါတယ်။

မျောက်မကြီး နစ်ဗ်စောင့်ရှောက်ပေးနေတဲ့ ကြက်ကလေးကို တော့ အမည်မပေးရသေးဘူးလို့လည်း သိရပါတယ်။ ကြက်ကလေးဟာ မျောက်မကြီးနေတဲ့ လှောင်ခြံထဲကနေ အလွယ်တကူ ပြန်ထွက်သွားလို့ ရပေမယ့် သူကတော့ နစ်ဗ်အနားမှာပဲ နေဖို့ ဆုံးဖြတ်ထားပုံရတယ်လို့လည်း သိရပါတယ်။

" ဒီလို သူတို့ နှစ်ဦးအကြားက ဆက်ဆံရေးက တကယ့်ရှားတောင့်ရှာခဲပါပဲ၊ တစ်ခါတစ်ရံမျိုးမှာ ဒီ မျောက်တွေဆိုတာက ကြက်တွေ သူတို့နား ရောက်လာရင် သတ်စားပစ်လိုက်တတ်ပါတယ်၊ ကြက်ကို မသေမချင်း သူတို့က ကစားနေတတ်ပါတယ်၊ ခုကျတော့ ထူးဆန်းနေတာပေါ့" လို့လည်း ၎င်းက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly