အမေရိကန်-မက္ကစီကိုနယ်စပ်၌ မှောင်ခိုသမားများအသုံးပြုသော ဥမင်လှိုဏ်ခေါင်းတစ်ခုကို ရှာဖွေတွေ့ရှိ

အမေရိကန်-မက္ကစီကိုနယ်စပ်၌ မှောင်ခိုသမားများအသုံးပြုသော ဥမင်လှိုဏ်ခေါင်းတစ်ခုကို ရှာဖွေတွေ့ရှိ

မက္ကစီကို၊ သြဂုတ် ၂၈ ။                    ။ မှောင်ခိုကူးသူများနှင့် ရွှေ့ပြောင်းနေထိုင်ကြသူများက အမေရိကန်နိုင်ငံအတွင်းသို့ ခိုးဝင်ရာတွင် မှောင်ခိုလမ်း အဖြစ်အသုံးပြုကြသော မက္ကစီကိုရှိ တီဟွားနားမြို့မှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့အနီးထိ ဖောက်လုပ်ထားသည့် ဥမင်လှိုဏ်ခေါင်းတစ်ခုကို စစ်တပ်အာဏာပိုင်များက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း မက္ကစီကိုအစိုးရက တနင်္ဂနွေနေ့၌ ပြောခဲ့သည်။

ဥမင်လှိုဏ်ခေါင်း၏ဝင်ပေါက်သည် မက္ကစီပိုင်နက်အတွင်းရှိ ဂိုဒေါင်တစ်လုံးထဲ၌ဖြစ်ပြီး ထွက်ပေါက်မှာ ဆန်ဒီယေဂိုမြို့မှ နယ်စပ်ခြံစည်းရိုးနဘေးတွင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ထိုဥမင်လမ်းအတိုင်း ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူ ၂၅ဦးခန့်ကို နယ်စပ်၌ကင်းလှည့်နေသော အမေရိကန်တပ်ဖွဲ့များက ရှာတွေ့ခဲ့ကြောင်း မက္ကစီကိုနိုင်ငံတော် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

သတင်းပေးတစ်ဦးက မက္ကစီကိုပိုင်နက်အတွင်းရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ လက်နက်ကိုင်ထားသော လူများကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့သည့်အတွက် လိုက်လံရှာဖွေရာတွင် ထိုဥမင်လမ်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မက္ကစီကိုကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

မကြာသေးခင်နှစ်များကလည်း မက္ကစီကိုအာဏာပိုင်များသည် အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပို့ဆောင်ရာတွင် အသုံးပြုသည့် ဥမင်လှိုဏ်ခေါင်း အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သောဧပြီလကလည်း အမေရိကန်အာဏာပိုင်များသည် တီဟွားနားမြို့မှ ကယ်လီဖိုးနီးယားပြည်နယ် အိုတေမီဆာမြို့အထိ ဖောက်လုပ်ထားသော ၈၀၀မီတာခန့်ရှည်သော နယ်စပ်၌အရှည်လျားဆုံး ဥမင်လမ်း တစ်ခုကို ရှာတွေ့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly