တက္ကဆက်တွင် ဟာဗေးမုန်တိုင်းကြောင့် တစ်ဦးသေဆုံးပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်

တက္ကဆက်တွင် ဟာဗေးမုန်တိုင်းကြောင့် တစ်ဦးသေဆုံးပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်

အမေရိကန်၊ သြဂုတ် ၂၇ ။            ။ အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်၌ စနေနေ့တွင် ဟာရီကိန်းမုန်တိုင်းဟာဗေး တိုက်ခတ်မှုကြောင့် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ပြီး အနည်းဆုံး လူတစ်ဦးခန့်သေဆုံးခဲ့သည်။

နောက်ဆုံးတိုင်းထွာ ခန့်မှန်းချက်များအရ ဟာဗေးမုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဆင့်သို့ လျော့ကျသွားခဲ့ပြီး နောက်ထပ်ငါးရက်မှ ခြောက်ရက်အတွင်း ကမ်းရိုးတန်းအနီးတဝိုက်၌ပင် ဆက်လက်တိုက်ခတ် နေဦးမည်ဖြစ် ကြောင်း သိရသည်။

ဟာရီကိန်းမုန်တိုင်းဟာဗေးကြောင့် အဆောက်အဦးများ ပြားဝပ်သွားကာ ရွေ့လျားအိမ်များ ပြိုလဲသွားပြီး ကမ်းရိုးတန်းဒေသရှိ ထောင်နှင့်ချီသော ပြည်သူများသည် လျှပ်စစ်မီးပြတ်တောက်မှုကို ကြုံတွေ့နေရသည်။

ယခုအချိန်ထိသေဆုံးသူ တစ်ဦးခန့်ရှိနေပြီး နောက်ထပ်ဆိုးရွားသော အခြေအနေများ ကြုံတွေ့ရမည့်ကို ထိတ်လန့်နေရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ တက္ကဆက်ပြည်နယ် အတွင်းရှိ နေရာအများအပြား၌ ရေကြီးမှုသတိပေးချက်များ ထုတ်ပြန်ထားပြီး ပြတ်တောင်းပြတ်တောင်း တိုက်ခတ်ခဲ့သော လေဆင်နှာမောင်း များကြောင့် နေအိမ်များရှိ ခေါင်မိုးများ ပြုတ်ထွက်သွားခဲ့သည်။

အဆင့် ၄ မုန်တိုင်းအဖြစ် သတ်မှတ်ထားသော ဟာရီကိန်းမုန်တိုင်းဟာဗေးသည် ပြီးခဲ့သော သောကြာနေ့က တည်းက ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တစ်နာရီကို ၂၁၅ ကီလိုမီတာအရှိန်ဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ဟာရီကိန်းလေ့လာရေးစင်တာက ထုတ်ပြန်ခဲ့သည်။

“ကျနော်ဒီလိုအဖြစ်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ လေက အရှိန်ပြင်းပြင်းနဲ့ကို တိုက်ခတ်နေပါတယ်။ ကျနော် တို့က ပင်လယ်အနီးမှာပဲ နေထိုင်တာပါ။ ဒါပေမယ့် မနေ့ညက လေတိုက်သလိုမျိုးကိုတော့ တစ်ခါမှမကြုံဖူးခဲ့ပါ ဘူး” ဟု စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ ဘရန်ဒွန်ဂွန်ဇာလက်က သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly