မက်ဂရီဂေါကို အနိုင်ယူပြီး ပွဲ ၅၀ မြောက်ရှုံးပွဲမရှိစံချိန်ကို မေဝဲလ်သာ ရယူ

မက်ဂရီဂေါကို အနိုင်ယူပြီး ပွဲ ၅၀ မြောက်ရှုံးပွဲမရှိစံချိန်ကို မေဝဲလ်သာ ရယူ

သြဂုတ် ၂၇၊ လက်စ်ဗီးဂတ် ။           ။ လက်ဝှေ့လောကရဲ့ ရှုံးပွဲမရှိဘုရင် ဖလွိုက်မန်နီမေဝဲလ်သာဟာ UFC ရဲ့ပြိုင်ဘက်ကင်းဖိုက်တာ ကော်နာမက်ဂရီဂေါကို အနိုင်ယူပြီး သူ့ရဲ့ လက်ဝှေ့သမားဘ၀ ပွဲ ၅၀ မြောက်ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်မြို့ T-Mobile Arena မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲစဉ်ဟာ လက်ဝှေ့သမိုင်းမှာ ထိုးသတ်ကြေး အမြင့်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင်ကတည်းက မီဒီယာအားကြောင့် ပရိသတ်စိတ်ဝင်စားမှုက အလွန်မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်ကယ်တမ်းထိုးသတ်တဲ့အခါမှာတော့ လက်ဝှေ့ကြိုးဝိုင်းထဲကို ပထမဆုံးဝင်ရောက်လာတဲ့ မက်ဂရီဂေါအနေနဲ့ ဝါရင့်မေဝဲလ်သာကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ၁၀ ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်။

မက်ဂရီဂေါဟာ ပွဲစလွှတ်လိုက်တယ်ဆိုရင်ပဲ မေဝဲလ်သာကို တိုက်စစ်ဖွင့်ပြီးထိုးသတ်ခဲ့တာပါ။ မေဝဲလ်သာကတော့ မက်ဂရီဂေါရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး တိုက်စစ်ဖွင့်ဖို့ထက် ရှောင်တိန်းရင်း မက်ဂရီဂေါကို အင်အားကုန်စေခဲ့ပါတယ်။

လေးချီနောက်ပိုင်းအရောက်မှာတော့ မေဝဲလ်သာက မက်ဂရီဂေါရဲ့အခြေအနေကို သုံးသပ်သွားနိုင်ပြီး စတင်တိုက်စစ်ဖွင့် ထိုးသတ်ခဲ့ပါတယ်။

UFC ဖိုက်တာ မက်ဂရီဂေါဟာ လက်ဝှေ့စည်းကမ်းအတိုင်းထိုးသတ်ရတာကြောင့် အခက်အခဲတွေ့နေခဲ့ရပြီး မေဝဲလ်သာကို မကြာခဏနောက်ကနေ ဖမ်းချုပ်တာတွေ၊ ဇက်ပိုးကို လက်သီးနဲ့ထုတာတွေလုပ်လို့ ဒိုင်ရဲ့ သတိပေးခြင်းခံခဲ့ရပါတယ်။

လက်သီးထိုးသတ်မှုအပိုင်းနဲ့ ရှောင်တိမ်းမှုအပိုင်းမှာ ပိုသာတဲ့ မေဝဲလ်သာဟာ ငါးချီနောက်ပိုင်းမှာ တစ်ဖက်သတ်အသာစီးနဲ့ ထိုးသတ်ခဲ့ပါတယ်။ မေဝဲလ်သာရဲ့ ဖြောင့်လက်သီးတွေ၊   ထောက်လက်သီးတွေနဲ့  ဘယ်ညာတွဲလုံးတွေက မက်ဂရီဂေါကို အထိနာစေခဲ့ပါတယ်။

မက်ဂရီဂေါရဲ့လက်သီးချက်တွေကတော့အားမပါပဲ မေဝဲလ်သာကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ၁၀ ချီမြောက်အရောက်မှာတော့ မက်ဂရီဂေါဟာ မေဝဲလ်သာရဲ့ ဘယ်ညာတွဲလုံးတွေ တရစပ်ထိုးသတ်ခံရပြီး ဘယ်လိုမှ မဟန်နိုင်တော့ပါဘူး။ ဒါကြောင့် ကြိုးဝိုင်းဒိုင်က မေဝဲလ်သာကို အနိုင်ပေးလိုက်ပါတော့တယ်။

ရှုံးနိမ့်ခဲ့ရပြီးနောက်မှာတော့ မက်ဂရီဂေါက မေဝဲလ်သာဟာ လက်ဝှေ့ထိုးသတ်ရာမှာ ကျွမ်းကျင်လိမ္မာကြောင်း ချီးကျူးခဲ့ပါတယ်။

"ဒိုင်လူကြီးပွဲရပ်လိုက်တာ နည်းနည်းစောတယ်လို့ ထင်ပါတယ်။ မေဝဲလ်သာက ကျွန်တော့်ကို လဲကျသွားအောင် ထိုးသတ်ဖို့ အခွင့်အရေးပေးလိုက်သင့်ပါတယ်။ မေဝဲလ်သာက တည်ငြိမ်ပါတယ်။ ဒါပေမဲ့ သူ့လက်သီးချက်တွေက အဲ့ဒီလောက်တော့ ပါဝါမပြင်းပါဘူး။

ပွဲ ၅၀ ပြည့်ရှုံးပွဲမရှိ ထိုးသတ်နိုင်လောက်အောင်သူက လိမ္မာကျွမ်းကျင်ပါတယ်။ မေဝဲလ်သာကို ကျွန်တော်အများကြီး လေးစားပါတယ်" လို့ မက်ဂရီဂေါက ဆိုခဲ့ပါတယ်။

အနိုင်ရသူ မေဝဲလ်သာကတော့ သူ့ရဲ့ game plan အတိုင်း မက်ဂရီဂေါကို ထိုးသတ်ပြီး အနိုင်ယူနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ လက်ဝှေ့လောက ကနေ အနားယူပြီဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

"မက်ဂရီဂေါကို အနိုင်ရခဲ့တာက ကျွန်တော့ရဲ့ game plan ကြောင့်ပါပဲ။ သူ့ကို အရင်ထိုးသတ်စေပြီးမှ ကျွန်တော့်အချိန်ရောက်လာအောင်စောင့်ပြီး ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ MMA ပွဲတွေမှာက ၂၅ မိနစ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရတာပါ။ ဒါကြောင့် ၂၅ မိနစ်ကျော်သွားချိန်မှာ လှုပ်ရှားမှု နှေးကွေးသွားပါလိမ့်မယ်။

မက်ဂရီဂေါက ခက်ခဲတဲ့ပြိုင်ဘက်ကောင်းပါ။ ကျွန်တော်ထင်ထားတာထက် သူပိုကောင်းပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ပရိသတ်တွေကြည့်ချင်တဲ့ ပုံစံအတိုင်း ကျွန်တော်တို့ ထိုးသတ်ပေးနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။ မက်ဂရီဂေါက ပြိုင်ဘက်ကောင်းပါ။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ကျွန်တော်က သူ့ထက်ပိုကောင်းခဲ့ပါတယ်" လို့ မေဝဲလ်သာက ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly