အရိုး၊အကြော၊အဆစ်အထူးကုဆရာဝန်ကြီးပါမောက္ခဦးချစ်စိုးနှင့်တွေ့ဆုံခြင်းအပိုင်း(၄)

အရိုး၊အကြော၊အဆစ်အထူးကုဆရာဝန်ကြီးပါမောက္ခဦးချစ်စိုးနှင့်တွေ့ဆုံခြင်းအပိုင်း(၄)

မဇ္ဈိမ- Soe Than ဆိုတဲ့သူတစ်ယောက်က မေးလာပါတယ်။ သူ့ရဲ့ ဇနီး အသက် ၅၀ ကတဲ့ ညာဘက်ဒူးခေါင်း အဆစ်ကြီးပြီး ရောင်နေပါတယ်။ လက်ကောက်ဝတ်တွေလဲ မနက်စောစောဆို အရမ်းကိုက်ပါတယ်။ သိပ်ဆန့်လို့ မရပါတဲ့။ မဝပါတဲ့ ပေါင်ချိန် ၁၀၂ ပေါင် ဝန်းကျင်သာရှိပါသည်။ ဖြစ်နေတာ ကြာပါပြီခင်ဗျာတဲ့။

Prof: Chit Soe - အဲ့တော့ ဒူးခေါင်းရော လက်ကောက်ဝတ်ရော၊ လက်ဆစ်တွေရောဆိုတော့ လေးဘက်နာထဲမှာ ပါတာပေါ့နော်။ အမျိုးသမီးလည်းဖြစ်တယ် အသက်ကလည်း ၅၀ ကျော်ပြီဆိုတဲ့အခါကျတော့ အဲဒါကိုလည်း မှားမှားပြီးတော့ ကုကြတာပေ့ါလေ။ သူ့ကို ပန်နီဆလင် ထိုးမိရင်တော့ မပျောက်တော့ဘူးပေါ့လေ။ တကယ်တော့ သူ့အဆင့်က သွေးလေးဘက်နာ တဲ အဆင့်ပါ။ ခုနကပြောတဲ့ သွေးဖြူဥက အပြင်ကရန်သူကို ဒုက္ခမပေးဘဲနဲ့ ကိုယ့်အဆစ်တွေကို ကိုယ် ဒုက္ခပေးနေတယ်ပေါ့။ အဲဒါ သွေးလေးဘက်နာဖြစ်ဖို့ များတယ်ပေါ့လေ။ သွေးလေးဘက်နာဆိုရင် အကိုက်အခဲပျောက်ဆေးတွေ ပန်နီဆလင်တွေနဲ့ မရဘူး။ သွေးဖြူဥတွေကို ပြန်ပြီးတော့မှ နှိမ်ပေးတဲ့ဆေးပေါ့။ သွေးဖြူဥတွေကို ငြိမ်အောင်လုပ်ပေးတဲ့ဆေးတွေပေါ့။ အဲဒါတွေ ပေးရတယ်။ နောက်ပြီး ရောဂါအမည်ကို ပေါ်အောင်လုပ်ဖို့လိုတယ်။ နောက်တစ်ခုက လေးဘက်နာထဲမှာမှ အမျိုးသမီးတွေ ပိုကြောက်ရတဲ့ရောဂါက အရေပြားလေးဘက်နာဆိုတာရှိတယ်။ သူကကျတော့ အဆစ်တွေနာရုံသာမကဘဲနဲ့ အရေပြားမှာလည်း အကွက်လေးတွေ ပေါ်လာတတ်တယ်ပေါ့လေ။ အဲ့တာကြောင့် အရေပြား လေးဘက်နာလို့ ခေါ်တာ။ ခုနကပြောတဲ့ သွေးဖြူဥတွေက အရိုးအဆစ်တွေကို ဒုက္ခပေးတယ်ဆိုတဲ့နေရာမှာ အရိုးအဆစ်ကို ဒုက္ခပေးပေမယ့် သူက ဒါက လူကမြင်ရတာပေါ့လေ အထဲမှာ ကျောက်ကပ်တို့ နှလုံးတို့ အသည်းတို့ အဆုတ်တို့ကိုလည်း ဒုက္ခပေးနေတာ။ အဲလိုမျိုးကိုကျတော့ အပြင်က မမြင်ရဘူး။ မမြင်ရတော့ သိပ်မကြောက်ကြဘူးဖြစ်တာပေါ့။ တကယ်တမ်းကကျတော့ အဆစ်တွေနာလာပြီဆိုရင် ဆီးလည်းစစ်ရတယ်။ ဓါတ်မှန်လည်း ရိုက်ကြည့်ရတယ်။ အဆုတ်များ ရောင်ပြီးတော့ ခဲနေပြီလားပေါ့။ တခါတလေကျတော့ လူနာတွေကထင်တယ်။ လာတာကတော့ ဒူးနာဆိုပြီးတော့လာတာ ဆရာဝန်က ဓါတ်မှန်က ဘာဖြစ်လို့ရိုက်တာလဲ။ ရိုက်တော့ရင်ဘတ် နာတာက ဒူးဆိုပြီးတော့ ဖြစ်ကြတယ်။ ကိုယ်ခံဓာတ်က ခန္ဓာကိုယ်ကို ဒုက္ခပေးပြီဆိုရင် တခြားအင်္ဂါတွေကိုရော တစ်ခါတည်း ဒုက္ခပေးတယ်။ လေဖြတ်သွားတာမျိုးလည်း ဖြစ်တယ်။ အဲ့တော့ ဆရာတို့အနေနဲ့က အကုန်လုံးကို စစ်ကြည့်ရတယ်။ လက်နာတယ်ဆိုပေမယ့် ခုခံဓာတ်တွေကိုလည်း စစ်ကြည့်မယ် တခြား ဘယ်တွေကို ထိသေးလဲဆိုတာကိုလည်း ရှာကြည့်ရတာပေါ့လေ။

မဇ္ဈိမ -ဟုတ်ကဲ့။ ကျေးဇူးပါ ဆရာကြီး။ နောက်တစ်ယောက်က Thu Zar Lwin ပါ။ သူက ဘာမေးထားလဲဆိုတော့ ဇက်ရိုး အမြဲကိုက်နေပြီးတော့ ပခုံးညာဘက်မှာ ဖုနေပါတယ်။ ဓာတ်မှန်ရိုက်တဲ့အခါ အဖြေမပေးပါဘူး။ အကြောဆရာဝန်နဲ့ ပြသင့်ပါသလားတဲ့။ လည်ပင်းရိုးနဲ့ ဦးခေါင်းရိုးကို ဓာတ်မှန်ရိုက်ရမလား သိချင်ပါတယ်ရှင့်တဲ့။ ဖြစ်နေတာက ၃ နှစ်လောက်ရှိပါပြီ။

Prof: Chit Soe - ပုခုံးညာဘက်မှာလည်း ဖုနေတယ်။ ဇက်ရိုးကလည်းကိုက်တယ်။ အဲတော့ အကြောဆရာဝန်ဆိုတဲ့ သဘောကတော့ သုံးမျိုး ရှိတာပေါ့လေ။ အရိုးကို ကုတဲ့အခါမှာ ခွဲပြီးတော့ ကုတာလည်းရှိတယ်။ ကျီးပေါင်းကိုပဲ လေ့ကျင့်ခန်းလုပ်တာလည်းရှိတယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ မရတော့ဘူးဆိုရင် ခွဲရမယ်ဆိုရင် ဒူးကိုဖြတ်ပြီးတော့ အသစ်လဲတာရှိတယ်။ အသစ်လဲတာကျတော့ အရိုးခွဲစိပ်တဲ့ဘက်ကို လွှဲရတာပေါ့လေ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့ဘက်ကို လွှဲရတယ်။လေ့ကျင့်ခန်း ဆရာဝန်ကလည်း သူက တခါတလေ အရိုး၊ အကြောဆရာဝန်လို့ပဲ ခေါ်တာပေါ့။ အရိုးဆရာဝန်ကလည်း တခါတလေ အရိုးအဆစ်ဆရာဝန်လို့ နာမည်တပ်တာရှိတယ်။ ဒါပေမယ့် သေချာအောင်တော့ ကြည့်ရမှာပေါ့လေ။ အကြောဆရာဝန်ဆိုတာက လေ့ကျင့်ခန်းဆရာဝန်လား၊ ခွဲစိပ်ဆရာဝန်လား သမားတော်လားဆိုတာ ကြည့်ရမှာပေါ့လေ။ အရင်ဆုံးတော့ သမားတော်နဲ့ ပြကြည့်ရတာပေါ့။ သမားတော်က ကြည့်ပြီးတော့မှ ဒါ ဘာရောဂါလဲ လေ့ကျင့်ခန်းလုပ်ရမှာလား။ ခွဲရမှာလား စဉ်းစားပေးတာပေါ့နော်။ အခုကတော့ ပုခုံးလည်း ဖုထွက်တယ် လည်ပင်းကလည်း နာတယ်ဆိုတော့ ဖြစ်ဖို့များတာကတော့ ကျီးပေါင်းပဲ ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဓာတ်မှန်တွေ ရိုက်တာကတော့ သိပ်ပြီးတော့ အားမပေးဘူး။ ဓာတ်မှန်က ခေါင်းရိုက်မလား၊လည်ပင်းရိုက်မလားဆိုတာက ဆရာဝန်တစ်ယောက်နဲ့ ပြဖို့လိုတယ်။ ပြပြီးတော့မှ သူရိုက်ခိုင်းတဲ့နေရာကို ရိုက်တော့မှ။ မဟုတ်ရင် ဓာတ်မှန်ရိုက်တယ်ဆိုရင် သူက ခရမ်းလွန်ရောင်ခြည် သင့်တာပေါ့။ အဲဒါက မလိုဘဲနဲ့ ဆရာဝန်သွားပြပြီးတော့ နောက်ထပ်ပြရင် ထပ်ရိုက်ရပြန်ရော ထပ်ရိုက်လို့ရှိရင် နောက်ပိုင်းမှာ ကင်ဆာဖြစ်တာတို့ ခန္ဓာကိုယ်ကို သွေးအားနည်းတာတို့ ဖြစ်တတ်တယ်။ အဲ့တော့ အရင်ဆုံးတော့ ဆရာဝန်တစ်ယောက်နဲ့ ပြရမယ်။ ပြပြီးတော့မှ ဘယ်ကိုရိုက်သင့်တယ်ဆိုတာ ဆုံးဖြတ်လို့ရမှာပါ။

မဇ္ဈိမ -ဟုတ်ကဲ့။ ကျေးဇူးပါ။ မေးခွန်းတွေ မေးမြန်းကြတဲ့ မဇ္ဈိမ ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောက်တစ်ယောက်ကို မေးပေးပါမယ်ခင်ဗျာ။ သူကတော့ အလင်းသစ်ပါ။ သူက ဘာမေးထားလဲဆိုတော့ ဘယ်ဘက်လက် တစ်တောင်ဆစ်ကနေ အဖျားထိ ထုံကျင်နေပါတယ်။ လက်ဝါးပြင်ကလဲ ကျိန်းနေပါတယ်။ ယားသလိုလို နာသလိုလို ဘယ်လိုကြီးလဲ မသိဘူး။ မပြောပြတတ်ဘူးတဲ့။ လက်သန်းကလဲ ရေနွေးပူခွက်ထဲ ထည့်ကြည့်တာ မပူပါဘူး။ လက်သန်းလက်မ အဆိုးဆုံးပါ။ ဒူးကလဲ ဒီအတိုင်းဆို မနာပါဘူး၊ ကြမ်းပြင်ထောက်လို့ မရပါဘူး နာတယ်လို့ မေးထားပါတယ်။ မေးခွန်းကတော့ ဘယ်ဘက် တစ်တောင်ဆစ်ကနေ အဆုံးထိ ထုံကျင်နေပြီးတော့မှ လက်ဝါးကလည်း ကျိန်းနေတယ်ပေါ့နော်။ ယားသလိုဖြစ်တယ်။ လက်သန်းကလည်း ပူလို့ပူမှန်း မသိဘူး။

Prof: Chit Soe - အဲ့တော့ ဒီဟာက ထိလို့ထိမှန်း မသိဘူးဖြစ်နေတယ်ဆိုရင်လည်း တစ်ခု ကြောက်ရတာက အာရုံကြောရောဂါထဲမှာမှ မြန်မာပြည်မှာ ကျန်နေသေးတဲ့ ရောဂါတစ်ခုရှိတယ်။ အဲဒါကတော့ အနာကြီးရောဂါပေါ့နော်။ အဲဒီရောဂါရဲ့ သိပ်ပြီးတော့မှ သိသာတဲ့အချက်က ပူလို့ ပူမှန်းမသိဘူး။ ဒါကြောင့် လက်ကလေးတွေ တိုသွားတယ် ရောဂါကြောင့် တိုတာမဟုတ်ဘူး။ ထိလို့ ထိမှန်းမသိတဲ့အခါမှာ အပူသွားကိုင်တယ်၊ အနာပေါက်တယ်၊ ပြတ်ကျသွားတယ်ပေါ့နော်။ အဲ့တာတောင် သူက မနာဘူး။ မနာလို့လည်း လက်ကလေးက တိုသွားတာပေါ့နော်။ အဲတော့ အာရုံကြောတွေက ရေနွေးထဲထည့်လို့တောင် ပူမှန်းမသိဘူးဆိုတော့ ဒါ စစ်ကြည့်ဖို့ လိုတယ်။ စစ်ကြည့်ဖို့လိုတယ်ဆိုတာက တံတောင်ဆစ်ကို ကိုင်ကြည့်လို့ရှိရင် အဲဒီ အကြောက ထောင်နေတာကို သိရတယ်။ နောက်ပြီးတော့မှ ထိလို့ထိမှန်း တကယ်မသိဘူးလားဆိုတာကို အပ်နဲ့ထိုးကြည့်တယ်။ အပူနဲ့ထိကြည့်တယ်။ အဲဒီနှစ်ခုရှိပြီဆိုရင်တော့ ဒါက အနာကြီးရောဂါပေါ့။ အဲဒါက အရင်တုန်းက သိပ်ကြောက်ကြတယ်။ မျိုးရိုးလိုက်တယ်တို့၊ ဝဋ်နာကံနာဆိုပြီးတော့ပေါ့။ အခုကတော့ ၆ လသောက်ရင် ပျောက်တာပါပဲ။ ထုံတယ် ရေနွေးထိလို့မှ မသိဘူးဆိုရင် ဒါ စစ်ကြည့်ဖို့လိုတယ်။ စစ်ကြည့်ပြီးတော့ လိုအပ်ရင်လည်း ဆေးသောက်ရင် ပျောက်နိုင်တယ်။ ဒါမှမဟုတ်ဘဲ ဖြစ်နိုင်တာက လည်ပင်းကျီးပေါင်းပေါ့နော်။ လည်ပင်းကနေပြီးတော့ ဒုတ်တစ်ချောင်း ထောက်ထားသလိုမျိုး လည်ပင်းမှာ နံရိုး အပိုပါလာတာရှိတယ်။ တစ်ချို့ကျတော့လည်း ကျီးပေါင်းကြောင့် ထောက်မိပြီးတော့မှ အာရုံကြောက ထုံသွားတာရှိတယ်။ သူက အလုပ်မလုပ်တော့ဘူး ဖြစ်တယ်။ အဲဒါတွေကတော့ လည်ပင်းကို ဓာတ်မှန်ရိုက်ကြည့်တာတို့ လုပ်ကြည့်ရမှာပေါ့လေ။ ခုနကလို ပူတာကို မသိဘူးဆိုရင်တော့ တော်တော်လေးကို သတိထားဖို့ လိုပါတယ်။

မဇ္ဈိမ -ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက် မေးလာပါတယ်။ Mi Ngay လို့ ခေါ်ပါတယ်။ သူကတော့ ခြေမထိပ် ထုံနေတာ ၅ လလောက်ရှိပါပြီ။ ဆေးခန်းပြတော့လည်း အလုပ်တက်ရ လမ်းလျှောက်ရတာမို့ပါတဲ့။ ဆေးသောက်လည်း မပျောက်ဘူး ဘာလုပ်ရပါမလဲဆရာ။ ဘာဖြစ်တာလဲ သိချင်ပါတယ်ဆရာတဲ့။

Prof: Chit Soe - အဲ့တော့ ထုံတာ ကျင်တာတို့က ခြေမထုံတာကလည်း ဆရာတို့ဆီကို လာပြရင်တော့ အဖြစ်များတာကတော့ ရှူးတွေ အရမ်းအစီးများတာဆိုရင်လည်း ဖြစ်တတ်တယ်။ တရားထိုင်ရင်လည်း ထုံသွားတာမျိုးပေါ့နော်။ ခြေမကို အတင်း ဆွဲစုသလို ဖြစ်တဲ့အခါမှာ အဲဒီမှာ အာရုံကြောလေးကို ထိမိပြီးတော့ ထုံသွားတာမျိုး ရှိပါတယ်။ ဒါမှမဟုတ်ဘဲ ပုံမှန်ဖိနပ်လည်းစီးတယ်။ လမ်းလျှောက်ရင်း ထုံလာတာဆိုရင်တော့ ခါးကျီးပေါင်းကို စဉ်းစားရတယ်။ ခါးက ကျီးပေါင်းကို သွားထိမိလို့ ခြေမကိုထိတဲ့ အာရုံကြောက ထုံလာတယ်။ ဒါလည်း စဉ်းစားစရာရှိတယ်။   နောက်တစ်ခုက ခြေမကိုသွားတဲ့ အာရုံကြောကို ရိက္ခာပို့တဲ့ သွေးကြောပေါ့။ အဲဒါလေးတွေက ပိတ်သွားတယ်။ ပိတ်သွားလို့ရှိရင် ခြေမက ထုံလာတယ်ပေါ့။ အဲတော့ တစ်ခုရှိတာက သူလည်း ခုနကလိုပဲ ရေအေးထဲကို ထည့်ကြည့်လို့ရှိရင် တစ်ချို့တွေက ဖြူစုပ်သွားတယ်။ ပြီးရင် ပြာသွားတယ်။ အဲလိုလည်း ဖြစ်တတ်တယ်။ အဲ့တော့ ခြေချောင်းတွေကို ရေအေးထဲကို နှစ်ကြည့်ရတယ်။ လက်ဆိုလည်း ရေအေးထဲကို နှစ်ကြည့်ရတယ်ပေါ့နော်။ သူက ရေအေးထဲကို နှစ်ကြည့်လို့ရှိရင် ရောဂါက ပိုပေါ်တယ်။ သွေးကြောကျဉ်း ရောဂါရှိတဲ့သူတွေက ရေထဲကို နှစ်ကြည့်လို့ရှိရင် လက်က လူသေကောင်လက်လိုပဲ ဖြူစွပ်စွပ်ကြီး ဖြစ်သွားတယ်။ ပြီးလို့ရှိရင် ပြာနှမ်းနှမ်းကြီး ဖြစ်သွားတယ်။ ပြီးရင် နာလာတယ်။ အဲဒါဆိုရင်တော့ ဒါ သွေးကြောလေးတွေက ရောင်နေတဲ့ရောဂါ။ အဲ့တာဆိုရင် သွေးကြောကို ဒုက္ခပေးတတ်တဲ့ ရောဂါတွေရှိလား စစ်ကြည့်ရတယ်။ စစ်ကြည့်ပြီးတော့ လိုအပ်လို့ရှိရင် ကိုယ်ခံအားဓာတ်ဆေးတွေသုံးရင် သက်သာသွားတတ်တယ်။ အဲလိုမျိုး ထုံပြီးတော့ ရောဂါဖြစ်လာပြီးတော့မှ အရိုးအကြောအဆစ် ရောဂါ ဖြစ်သွားတဲ့သူတွေလည်း ရှိတယ်။ ရေစိမ်ပြီးတော့ စမ်းကြည့်ပေါ့နော်။ ပြာသွားတယ်ဆိုရင် ဆရာတို့ဆီကို လာပြပေါ့နော်။

မဇ္ဈိမ - ဟုတ်ကဲ့။ ခုနက ဆရာပြောသွားတဲ့အထဲမှာ ရေပါသွားတော့ မေးထားတဲ့တစ်ယောက်ကတော့ အာကာအောင်မျိုးလို့ ခေါ်ပါတယ်။ အဆစ်တွေအားလုံးရေများများထိရင် ကိုက်တယ်နာတယ် အလုပ်ပန်းရင် မောတယ် အသက်ရှူမဝဘူး အဲဒါကို ပြောပြပေးပါဦးတဲ့။

Prof: Chit Soe - ရေအေးအေးထိရင် နာတယ်ဆိုတဲ့ရောဂါက အသိသာဆုံး ရောဂါတစ်ခုကတော့ အရေပြားထူ လေးဘက်နာလို့ခေါ်တယ်။ အရေပြားတွေက နည်းနည်းထူလာတယ်ပေါ့။ သာမာန်ထက်စာရင် ထူလာတယ်။ ထူလာတော့ သူက ကြည့်လိုက်လို့ရှိရင် အတွန့်တွေဘာတွေ မရှိဘူး။ မျက်နှာကို ကြည့်လိုက်လို့ရှိရင် အမြဲတမ်း တင်းတင်းရင်းရင်းလေး ရှိနေတာပေါ့နော်။ တင်းတင်းလေးဖြစ်နေလို့ ချောနေတယ်လို့တော့ မထင်နဲ့ပေါ့။ အထဲမှာကျတော့ သွေးကြောတွေက ကျဉ်းနေတယ်။ ကျဉ်းနေတော့ ရေအေးကိုင်လိုက်လို့ရှိရင် နာတယ်ကိုက်တယ် ဖြစ်တယ်ပေါ့နော်။ ပြီးတဲ့အခါကျတော့ တင်းနေတဲ့ဟာတွေက လက်တွေ မျက်နှာတွေတင်မကဘူး အစာလမ်းကြောင်းမှာလည်း ဖြစ်တယ်။ အဲ့တော့ အစာစားရင်း ဆို့နင့်နင့် ဖြစ်နေတယ်ပေါ့။ ပြီးလို့ရှိရင် အူတွေမှာလည်းဖြစ်တယ်။ ဝမ်းပျက်တယ်၊ ဝမ်းချုပ်တယ်၊ ဝမ်းရှောတယ်၊ အမျိုးမျိုးဖြစ်တာပေါ့။ အဲတော့ အရေပြားထူလေးဘက်နာဆိုရင် လေးဘက်နာတစ်မျိုးတည်းရှိတယ်။ ရေအအေးကိုင်လိုက်လို့ လက်တွေ နာတယ်ကျင်တယ်ဆိုရင် အဲဒီရောဂါကို စစ်ကြည့်ဖို့လိုတာပေါ့။

မဇ္ဈိမ -ရောဂါတွေကလည်း အမျိုးမျိုးပါပဲနော်။ ကျွန်တော်တို့ ကြားတောင်မကြားဖူးပါဘူး။ အဲတော့ နောက်တစ်ယောက်ကလည်း မေးထားပါတယ်။ Yamin Phyu က မေးထားတာပါ။ သူက ညာဘက် ဘေးတခြမ်း အောင့်နေတာ တစ်လကျော်ရှိနေပါပြီ ဆေးလိမ်းပါတယ်။ မပျောက်ပါဘူး အမြဲ အောင့်နေပါတယ်။ ဘေးဗိုက်နားမှာပါတဲ့။ အသဲဖြစ်မှာလဲ ကြောက်နေပါတယ်တဲ့။

Prof: Chit Soe -ညာဘက် ဘေးတစ်ခြမ်း အောင့်တယ်ဆိုရင်တော့ အဲဒီနားမှာ ရှိတာကတော့ အသည်းပေါ့။ နောက်ပြီးတော့ ကျောက်ကပ်လည်းရှိတယ်။ နောက်ပြီးတော့ သူ့အောက်ထဲမှာ အူပေါ့။ ဒါပေမယ့် အဖြစ်အများဆုံးကတော့ အသည်းကြောင့် ဖြစ်တာပဲ။ အသည်းထဲမှာမှ အဖြစ်များတာကတော့ အသည်း အဆီဖုံးတာပေါ့နော်။ အဆီအစိမ့် စားတာများရင် အသည်းအဆီဖုံးတယ်။ နောက် ကြောက်ရတာကတော့ အခု ခေတ်စားနေတဲ့ ဘီပိုး စီပိုးပေါ့လေ။ အသည်းရောင်အသာဝါလည်း ကြောက်ရတယ်။ နောက်တစ်ခုက သည်းခြေက အဆီအစိမ့်စားတာများလို့ ပူစပ်တဲ့အပြင် စားအုန်းဆီတွေများတယ်။ သည်းခြေထဲမှာ ကျောက်ကပ်လေးတွေ ဖြစ်တာပေါ့။ အဲဒါကြောင့် အောင့်တာပေါ့။ အလွယ်ကူဆုံးကတော့ ဒီဟာကို အာထရာဆောင်း ခေါ်တာပေါ့။ ရိုက်ကြည့်လိုက်လို့ရှိရင် အထဲမှာ ဘာဖြစ်လဲဆိုတာကို ရှင်းရှင်းလင်းလင်း ပေါ်တာပဲ။ အရိုးအကြောအဆစ် ရောဂါထဲမှာမှ သည်းခြေအိတ်တွေကို လာပြီးတော့ ရောင်တဲ့ရောဂါလည်း ရှိတယ်။ အဲ့တော့ ဘေး ညာဘက်တစ်ခြမ်း အောင့်တယ်ဆိုတာက အဖြစ်အများဆုံးကတော့ အသည်းပေါ့။အသည်းမှာမှ ဘာကြောင့်ဖြစ်သလဲ ဘီပိုးကြောင့် ဖြစ်တာလား အဆီကြောင့်ပဲဖြစ်တာလား လေးဘက်နာကြောင့် ဖြစ်တာလား။ ဒါတွေကတော့ ထပ်စစ်ဖို့ လိုသေးတာပေါ့။ အဲ့တော့ အာထရာဆောင်း ရိုက်ကြည့်လိုက်ရင် ကောင်းပါတယ်။

မဇ္ဈိမ -ဟုတ်ကဲ့ပါ။ ကျေးဇူးပါ ဆရာကြီး။ဆရာကြီးပြောတဲ့အထဲမှာ လေးဘက်နာဆိုတာကို တော်တော်များများ ပြောခဲ့တဲ့အခါကျတော့ လေးဘက်နာနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေး နောက်ထပ်တစ်ခု ထပ်ပြီးတော့ မေးပေးပါမယ်။ သူကတော့ ဝင်းနိုင်ဆိုတဲ့သူ ဖြစ်ပါတယ်။ ဘာမေးထားလဲဆိုတော့ သွေးလေးဘက်နာက နာတာရှည်ရောဂါပါလား။ သေသေချာချာ ကုသရင် ပျောက်ကင်းနိုင်ပါသလားတဲ့။

Prof: Chit Soe - ဂေါက်ရောဂါက တစ်မျိုးပေါ့နော်။ လေးဘက်နာရောဂါဆိုတာက တစ်မျိုးပေါ့။ နာတာရှည် ဟုတ်သလား မဟုတ်သလားဆိုတာ ဘာနဲ့တူလဲဆိုတော့ သွေးတိုးတို့ ဆီးချိုတို့လိုပေါ့ သွေးတိုးဖြစ်တယ် ဆီးချိုဖြစ်တယ်ဆိုရင် ဆီးချို သိပ်ဆိုးတဲ့အချိန်မှာတော့ သတိလစ်ပြီး ဆေရုံရောက်သွားတာပေါ့။ အနာပေါက်တယ်ဆိုပြီးတော့ ဆေးရုံရောက်တာပေါ့။ ဒါပေမယ့် ပြန်ကောင်းတဲ့အချိန်မှာတော့ ဘာမှတော့ မဖြစ်ဘူး။ ဆေးတော့ သောက်နေရတာပေါ့။ အဲတော့ ဝေဒနာကတော့ နာတာမရှိဘူး။ ရောဂါကတော့ အထဲမှာ နာတာရှည်ဖြစ်နေတာပေါ့။ အဲတော့ ဂေါက်လည်းတူတူပဲ သူက သိပ်နာရင်တော့ တစ်ရက်နှစ်ရက်ပဲ။ ပြီးလို့ရှိရင် ဆေးစားလိုက်ရင် ပျောက်သွားတယ်။ အထဲမှာ ယူရစ်အက်ဆစ်တွေ များတာကတော့ အထဲမှာ ရှိနေတယ်။ ရှိတဲ့အခါကျတော့ အစားအသောက်မှားတာနဲ့ သူက တက်လာတယ်။ တက်လာတော့ ဆီးချိုသမားတွေလည်း ဒီလိုပဲ အစားအသောက် ထမင်းလေး နည်းနည်းလေး ပိုစားလိုက်တာနဲ့ ဆီးချိုက အရမ်းတက်တာပေါ့။ တက်လာတော့ သူက ကုလို့မရဘူးလားဆိုတော့ ရတယ်။ မပျောက်ဘူးလားဆိုတော့ ပျောက်တော့လည်း မပျောက်ဘူး။ အဲတော့ ကုလို့ရတဲ့ရောဂါပဲ ဒါပေမယ့် ရေရှည်ကုရမယ့် ရောဂါပေါ့နော်။ ဝေဒနာကတော့ နာတာရှည်မဟုတ်ဘူး။ ခဏပဲ။ ရောဂါကတော့ နာတာရှည်တာပေါ့နော်။ ဒါက ဂေါက်ရောဂါပေါ့။ နောက် လေးဘက်နာက နာတာရှည်ဖြစ်သလား ကုလို့ရသလားဆိုတော့ ဒီမှာတော့ သူပြောချင်တဲ့ ဘေးဘက်နာက နောက်ပိုင်းမှာ လူတွေ အသိများလာတဲ့ သွေးလေးဘက်နာပေါ့နော်။ ဘာလဲဆိုတော့ သွေးလေးဘက်နာကတော့ ပန်နီဆလင် ထိုးလိုက်ရင်တော့ ကောင်းသွားတာပေါ့နော်။ ငယ်ငယ်ရွယ်ရွယ်တွေ ဖြစ်တတ်တယ်။ ဒါမှမဟုတ် အသက် ၂၅ နှစ်ကျော်မှ ဖြစ်လာပြီး အဆက်ကလည်း လေးခုထက် နာပြီဆိုရင်တော့ အဲဒီလေးဘက်နာတွေက အများအားဖြင့် နာတာရှည်ဖြစ်တယ်။ အဆက်လေးခုနာတာက သုံးလေးလအထိ ဆက်တိုက်နာနေတော့ အလုပ်အကိုင်မှာတော့ နည်းနည်း အခက်အခဲဖြစ်တာပေါ့နော်။ ဒါပေမယ့် သူ့ကိုလည်း သွေးဖြူဥတွေ ထိန်းပေးတဲ့ ရောဂါနှိမ်ဆေးတွေကို စနစ်တကျ သုံးမယ်ဆိုရင် ရောင်တာတွေ ပျောက်သွားပြီးတော့ လူကောင်းလိုပဲ အလုပ်လုပ်နိုင်တယ်။ ဝေဒနာအားဖြင့်တော့ နာတာမရှိဘူး။ ရောဂါကတော့ အထဲမှာ ရှိနေတယ်။ သူ့ကို ဆေးသောက်မယ်ဆိုရင် ပုံမှန်လေး သောက်နေရမယ်။ သုံးလေးနှစ်တော့ အနည်းဆုံး သောက်ရတယ်။ သုံးလေးနှစ်သောက်ပြီး ရောဂါ လျော့သွားပြီဆိုရင်တော့ ထပ်ပြီးတော့ သွေးကို ဖြတ်ကြည့်တယ်။ ဖြတ်ကြည့်လို့ ပြန်တွေ့ရင်တော့ ပြန်သောက်ရတာပေါ့နော်။ နာတာရှည်အုပ်စုထဲမှာပါတယ် ရောဂါအားဖြင့်တော့ ကုရင် လူကောင်းလိုပဲ နေနိုင်တယ်။ အိပ်ယာပေါ် လဲနေမှာတို့ အမာရွတ်တွေ ရှိနေမှာတို့တော့ မရှိပါဘူး။ မကုရင်တော့ ကောက်ကွေးသွားတယ်။ ကောက်ကွေးပြီးတော့ အိပ်ယာပေါ်လဲသွားပြီးတော့ သူက အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ထမင်းလည်း သူများခွံ့မှစားရတယ်။ အဲလိုမျိုး ဖြစ်သွားတယ်ပေါ့။ အဲတော့ နာတာရှည်မှာလား မရှည်မှာလားဆိုတာက သူက ဘယ်လောက် မှန်မှန်ကန်ကန်ကုသလဲ သူကုတာက အဆစ်အရောင် ပျောက်ရုံလောက်ပဲ နောက် အနာသက်သာရုံလောက်ပဲ သောက်ပြီးတော့ တကယ့်ဆေးက အခြေခံရောဂါဖြစ်တဲ့ သွေးဖြူဥတွေက ကိုယ့်ကို ဒုက္ခပေးနေတာကို ဖယ်ပေးမယ့်ဆေး မပါဘူးဆိုရင် သောက်လို့ရှိရင် ဆရာတို့ဆီကို လာတဲ့သူတွေ ခနခနပြောတယ်။ တစ်ပတ်တစ်ခါလောက် ဆေးခန်းမှာ ဆေးသွားထိုးနေရတယ် အကိုက်အခဲပျောက်ဆေးပေါ့။ ထိုးရင်တော့ သက်သာတယ်။ မထိုးပြန်ရင်လည်း ပြန်ကိုက်တာပဲဆိုတော့ သူက ဘာကိုကုနေသလဲဆိုတော့ အပေါ်ယံ ခံစားနေရတာကိုပဲ ကုနေတယ်။ အထဲမှာဖြစ်နေရတာတွေကို သူက မကုဘူး။ ရောဂါကိုပါ ကုလိုက်ရင်တော့ သူက လူကောင်းလို ပြန်ဖြစ်လာမှာပေါ့နော်။ အဲဒီအချိန်မှာလည်း ကုတဲ့အခါမှာ ဖြစ်ဖြစ်ချင်း နှစ်နှစ်အတွင်းမှာ ကုလို့ရှိရင်တော့ နောက်ဆုံး ဘာဆေးမှမသောက်ပဲ ပျောက်တဲ့အဆင့်ထိရောက်တယ်။ နှစ်နှစ်ကျော်မှ လည်ပတ်နေပြီးတော့ နောက်ဆုံး မရတော့မှ စကုပြီဆိုရင်တော့ ရှေ့မှာတော့ အကိုက်အခဲပျောက်ဆေးပဲသောက်တယ် နောက် ဆရာတို့ဆီကိုရောက်တော့ ရောဂါနှင်ဆေးတော့ပေးတယ် ဒါပေမယ့် လွန်သွားပြီခေါ်တာပေါ့။ အဲဒီအခါကျတော့ မပျောက်တော့ဘူး။ တသက်လုံး ဆေးသောက်ရတော့တာပေါ့။ ကင်ဆာလိုပေါ့။ စောစောစီစီး မပြန့်ခင်ရောက်လာရင်တော့ ခွဲလိုက်ရင် ပျောက်သွားတာပေါ့။ ပြန့်မှရောက်ရင်တော့ ခွဲလည်းမရတော့ဘူး နောက်ဆုံးတော့ သွားတာပဲပေါ့။

မဇ္ဈိမ -ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။ အခု မစ္စတာရာဘင်ဒရာဂျန်ကနေ နည်းနည်းလေး နှုတ်ဆက်စကားလေး ပြောပါမယ်ခင်ဗျာ။ ကျွန်တော် ဘာသာပြန်ပေးပါ့မယ်။ သူပြောတာကတော့ ကျွန်တေ်ာတို့ လုပ်ခဲ့တဲ့ 4R Health Talk အစီအစဉ်က အရမ်းကို လူအများ စိတ်ဝင်စားတဲ့အစီအစဉ် ဖြစ်ပါတယ်။ မေးခွန်းတွေလည်း အများကြီး မေးခဲ့တယ်။ ကျွန်တော်တို့ ဘာပြောနေတယ်ဆိုတာကို သူ နားမလည်ပေမယ့် ဒီမှာ သူကြည့်နေတဲ့အခါကျတော့ Comments တွေ အများကြီး တွေ့ရတယ်ပေါ့နော်။ ပြန်မဖြေပေးနိုင်တာတွေလည်း တွေ့ရတယ်ပေါ့နော်။ ဒီခေါင်းစဉ်ကိုတော့ လူအများကြီး စိတ်ဝင်စားတာကိုတော့ တွေ့ရပါတယ်တဲ့။ နောက်တစ်ခုက ဆရာကြီးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါတယ်။ ပြီးတော့ သူပြောနေကျအတိုင်းပဲ ဘဝမှာ နေပျော်အောင် ဘယ်လိုနေမလဲဆိုတဲ့အကြောင်းက ဒီတစ်ခေါက်ဆိုရင်တော့ခြောက်ခုမြောက်ပေါ့။ ပြီးခဲ့တဲ့အပိုင်းတွေမှာလည်း သူ တစ်ခုချင်းစီ ပြောခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူ ဘာပြောလဲဆိုတော့ လူတိုင်းလူတိုင်းကို ပျော်အောင်မလုပ်နိုင်ဘူးပေါ့။ လုပ်မပေးနိုင်ဘူး။ ဘာလဲဆိုတော့ တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီကို သူက ဒါလိုတယ် ကိုယ်က ဖြည့်ဆည်းပေးလိုက် လူသားအားလုံး ပျော်နိုင်ဖို့ကို ကိုယ်တစ်ယောက်တည်းနဲ့ မလုပ်ပေးနိုင်ဘူး။ အဲတော့ ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေပါ။ 4R Health Talk ကိုလည်း ကြည့်ရှု့ပါ။ အားပေးပါ။ နောက်တစ်ခုကတော့ သြဂုတ်လ နောက်ဆုံးအပတ်မှာဆိုရင် အသည်းအထူးကု ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ခင်မောင်ဝင်းနဲ့ တွေ့ဆုံပါဦးမယ်။ အဲဒီမှာလည်း တွေ့ကြပါဦးမယ်။ နောက်တစ်ခုကတော့ ကျွန်တေ်ာတို့ စက်တင်ဘာလထဲမှာ ဆရာဝန်တွေနဲ့လည်း စကားပြောပြီးပါပြီတဲ့ တကယ်လို့ သေချာပြီဆိုရင် နောက်တစ်ပတ် စနေနေ့မှာ ထပ်ပြီးတော့ ကြေညာပေးပါ့မယ်လို့ ပြောပါတယ်။ ဒါကတော့ သူပြောသွားခဲ့တာပါ။ အဲတော့ ဆရာကြီးကို ကျွန်တော် အလှည့်ပေးပါဦးမယ်။ ကျွန်တော်တို့ မဇ္ဈိမ ပရိသတ်တွေအတွက်လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာလေး နည်းနည်းလောက် ပြောပေးပါဦးခင်ဗျာ။

Prof: Chit Soe - ဟုတ်ကဲ့။ အရိုး၊ အကြော၊ အဆစ်ရောဂါတွေကတော့ လူတွေမှာ ဖြစ်တာ တော်တော်များပါတယ်။ အဲ့တော့ တကယ်လို့ မရှင်းလင်းဘူး တိုင်ပင်ချင်တယ်ဆိုရင်တော့ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကနေပြီးတော့မှ အထူးကုဆေးရုံဆိုပြီးတော့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာ ဆေးရုံဖွင့်ထားပါတယ်။ ဆရာတို့ဌာနက တနင်္လာနဲ့ ဗုဒ္ဓဟူး နှစ်ရက်ဆိုရင် ပြင်ပလူနာတွေကို လက်ခံတွေ့ဆုံပေးပါတယ်။ နေ့ခင်း ၂ နာရီကနေ ၄ နာရီပေါ။

မဇ္ဈိမ -ဟုတ်ကဲ့ပါ။ မဇ္ဈိမ ပရိသတ်များလည်း တကယ်လို့ အရိုးအကြောအဆစ် ပြဿနာ ရှိတယ် ကျန်းမာရေးအတွက် အခက်အခဲရှိတယ်ဆိုရင် အဲဒီကို သွားပြီးတော့ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆရာကြီးနဲ့ သွားရောက်တွေ့ဆုံ မေးမြန်းပြီးတော့ ထပ်ပြီးတော့ မေးမြန်းနိုင်ပါတယ်လို့။ ဒီအစီအစဉ်လေးကို ဒီမှာတင်ပဲ ရပ်နားပါရစေခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အပိုင်း(၁) ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31111

အပိုင်း(၂) ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31155

အပိုင်း (၃ )ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/31219

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly