ဖိလစ်ပိုင် မူးယစ်ရဲ၏ စီးနင်းမှုအတွင်း သေဆုံးသူ ကျောင်းသား၏ နာရေးတွင် ဆန္ဒပြကြလျက် အသုဘပို့ဆောင်

ဖိလစ်ပိုင် မူးယစ်ရဲ၏ စီးနင်းမှုအတွင်း သေဆုံးသူ ကျောင်းသား၏ နာရေးတွင် ဆန္ဒပြကြလျက် အသုဘပို့ဆောင်

မနီလာ၊ သြဂုတ် ၂၆ ။                    ။ ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးဖြိုခွင်းရေး ရဲတပ်ဖွဲ့စီးနင်းမှုအတွင်း သေဆုံးခဲ့သူ ကျောင်းသား၏ သြဂုတ် ၂၆ ရက် နာရေးသို့ လိုက်ပါပို့ဆောင်ကြသော ထောက်ခံသူ ထောင်ချီရှိသည့် လူအုပ်က တရားမျှတမှု ရှိရေးအတွက်က် ကြွေးကြော်ဆန္ဒပြကြကြောင်း မြေပြင်ရောက် အီးပီအေသတင်းထောက်က ပြောသည်။

သေဆုံးသူ ကျောင်းသား ကီအန်ဒီလို့စ်ဆန်တို့စ်၏ နေအိမ်မှ အနီးက ခရစ်ယာန်ချက်ဘုရားကျောင်းသို့ ပို့ဆောင်ရာတွင် လိုက်ပါသူ ၁၀၀၀ နီးပါးက ရှစ်နာရီကြာ အသုဘလှည့်လည်ခဲ့ကြောင်း ယာဉ်ကြောပိတ်ဆို့မှုကို ကြီးကြပ်ပေးရသည့် ရဲတစ်ဦးက အီးပီအေသတင်းသို့ ပြောသည်။

"ကီအန်အတွက် တရားမျှတမှု ပေးပါ။ အားလုံးအတွက် တရားမျှတမှုပေးပါ။ သုတ်သင်သတ်ဖြတ်ခြင်းများ ရပ်။"ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ အသုဘပို့ဆောင်ရာတွင် ဆန္ဒပြခြင်း ဖြစ်သည်။ ၎င်းဆန္ဒပြလူစုက တရားမျှတရေးအတွက် တောင်းဆိုပြီး ပြီးခဲ့သည့်နှစ် ဇွန်လမှစကာ သမ္မတဒူတာတေး စတင်ဆင်နွှဲနေသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ဆိုသော သတ်ဖြတ်မှုများကိုလည်း ရှုတ်ချကြသည်။

မနီလာမြို့ မြောက်ဖက် ကယ်လိုကန်အရပ်တွင် ရဲစီးနင်းမှုတစ်ရပ်အတွင်း အသက် ၁၇ နှစ်အရွယ် ကီအန်က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

အခင်းဖြစ်ရာတွင် ပါဝင်ခဲ့သည့် ရဲသုံးဦးက ၎င်းကျောင်းသားသည် အဖမ်းမခံ ခုခံပြီး အလွတ်ပြေး၍ ပစ်ခတ်ရကြောင်း၊ လက်နက်နှင့် မူးယစ်ဆေးများလည်း ၎င်းထံ တွေ့ရှိကြောင်း ပြောသည်။

ယခု ကျောင်းသားအား ပစ်သတ်ခြင်းကို စုံစမ်းစစ်ဆေးလျက်ရှိနေပြီး ရဲတာဝန်ရှိသူများကို ရာဇဝတ်မှုခင်း စုံစမ်းရေးနှင့် ထောက်လှမ်းရေးအဖွဲ့က မေးမြန်းစစ်ဆေးလျက်ရှိနေသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲများတွင် သေဆုံးသူပေါင်း ရ၀၀၀ ကျော်ထက်မနည်း ရှိနေပြီး ၃၄၅၁ ဦးမှာ ရဲစစ်ဆင်ရေးများအတွင်း ဖြစ်၍ ဖမ်းဆီးထားသူဦးရေက ၉၆၇၀၃ ဦး ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly