"မန္တလေးမြို့က နှစ်ပေါင်း ၃၀ ကျော် ရပ်တည်လာတဲ့ စက်ဘီးပြင်ဆိုင်လေး"

"မန္တလေးမြို့က နှစ်ပေါင်း ၃၀ ကျော် ရပ်တည်လာတဲ့ စက်ဘီးပြင်ဆိုင်လေး"
ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ

နှစ်ပေါင်းသုံးဆယ်ကျော် စက်ဘီးပြုပြင်တဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလာတဲ့ အသက် ၅၀ အရွယ် ဦးစန္ဒာ ပိုင်ဆိုင်တဲ့ စက်ဘီးဆိုင်လေးဟာ ဒီကနေ့အချိန်ထိ ရပ်တည်နေပါတယ်။
အဲဒီဆိုင်လေးဟာ မန္တလေး၊မတ္တရာလမ်းဘေး၊ရွှေမန်းတောင်ဂေါက်ကွင်းနဲ့ယောမင်းကြီး အုတ်ကျောင်းကြားမှာရှိပါတယ်။

အသက် ၂၀နှစ်ခန့်ကနေစတင်ပြီး ဒီစက်ဘီးပြင်ဆိုင်လေးကို ဖွင့်ခဲ့တာပါ။စက်ဘီးပညာကို အသက် ၁၂ နှစ်အရွယ်က ဆရာဦးမြင့်ဌေး(မန္တလေး)စီကနေ သင်ယူတတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဟိုတုန်းက မန္တလေးဟာ စက်ဘီးမြို့တော်ဆိုပြီး ထင်ရှားခဲ့ပါတယ်။အဲဒီလိုထင်ရှားခဲ့တာနဲ့အညီ စက်ဘီးပြုင်ဆိုင်တွေကလည်း နေရာအနှ့ံရှိခဲ့ပါတယ်။အဲဒီခေတ်၊အဲဒီအချိန်ခါကတော့ စက်ဘီးတစ်ပေါက် ၁၅ ပြား၊နှစ်ပေါက် တစ်မတ်ပဲရပြီး စက်ဘီးချီးဆေးရင်တော့ ငါးမူးရရှိခဲ့ပါတယ်။

ဦးစန္ဒာ စက်ဘီးပြင်ဆိုင်စဖွင့်တော့ စက်ဘီးတစ်ပေါက်ကို ၂၅ ပြားရပါတယ်။ အခုချိန်မှာတော့ စက်ဘီးတစ်ပေါက် ၂၀၀ ကျပ်ရရှိနေပါပြီ။

အရင်က စက်ဘီးပြင်စားတာအဆင်ပြေနေပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး စက်ဘီးစီးသူတွေ လျှော့နည်းလာပြီး စက်ဘီးပြင်ဆိုင်တွေအတော်များများလည်း ပျောက်ကွယ်သွားကြပါတယ်။
အဲဒီလိုပျောက်ကွယ်နေတဲ့ဆိုင်တွေကြားမှာ ယုံကြည်ချက်ကို စုတ်ကိုင်ပြီး ဦးစန္ဒာကတော့ စက်ဘီပြင်ဆိုင်လေးကို ဖက်တွယ်ထားပြီး ဒီနေ့အချိန်ထိ ရပ်တည်လာခဲ့ပါတယ်။

အခုဆိုရင် မိသားစု ၉ ဦးကို လုပ်ကိုင်ကျွေးမွေးနေတာဖြစ်ပါတယ်။သားအငယ်ကတော့ သူ့ရဲ့စက်ဘီးပညာအမွေကို ဆက်ခံနေပြီး သားအကြီးကတော့ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်နိုင်နေပါပြီ။
လက်ရှိအခြေအနေမှာတော့ မန္တလေးမှာ တစ်ချိူ့တလေ စက်ဘီးပြန်စီးလာတာကြောင့် စက်ဘီးဆိုင်လေးကလည်း အရင်လို စည်းကားပြီး စိုပြေနေပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ လာမယ့်နှစ်မှာ သားနဲ့သမီးတွေကို နာသအလှူလုပ်ပေးနိုင်ဖို့အတွက် စက်ဘီလာပြင်သူ နည်းတဲ့အချိန်တွေမှာ ကြံုရာကျဘမ်းလုပ်ကိုင်ပြီး ငွေလည်းစုနေပါတယ်။

လက်ရှိမှာတော့ ဆိုင်ကယ်ဘီးတွေပါ ဖာပေးနေတာကြောင့် သူအနေနဲ့ တစ်ရက်ကို တစ်သောင်း၊တစ်သောင်းခွဲ ဝင်ငွေရှိနေပါတယ်။

အဟိုအရင်ကလို စက်ဘီးတွေအများကြီးမပြင်ရပေမယ့် အနည်းငယ်တော့ ပြန်ပြင်လာနေရပါပြီ။လူငယ်တစ်ချိူ့ စက်ဘီးပြန်နင်းလာသလို လူကြီးတစ်ချို့လည်း ကျန်းမာရေးအရ စက်ဘီးစီးလာကြတာကြောင့် စက်ဘီးပြင်လုပ်ငန်းလေးကတော့ ဆက်လက်ရပ်တည်နေနိုင်ဦးမှာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly