မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီများ ထွက်ပြေးလာနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်လုံခြံုရေးကို တင်းကျပ်

မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီများ ထွက်ပြေးလာနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်လုံခြံုရေးကို တင်းကျပ်

သြဂုတ် ၂၆ ။                        ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအကြမ်းဖက်သမားများက တိုက်ခိုက်မှုတွေဖြစ်နေပြီး မြန်မာဘက်ကနေ ဘင်္ဂါလီ ထောင်နှင့်ချီ ထွက်ပြေးလာနေကြခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေအနေနဲ့ ယခုအခါ မြန်မာနဲ့အကြား နယ်စပ်တစ်လျှောက်မှာ လုံခြံုရေးပိုင်းကို ပိုမိုတင်းကျပ်ဆောင်ရွက်နေလျက် ရှိကြောင်း သိရပါတယ်။

တိုက်ခိုက်မှုတွေဖြစ်လို့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးလာကြတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ယမန်နေ့ သြဂုတ် ၂၅ ရက်က နတ်မြစ်တစ်လျှောက် စုရုံးရောက်ရှိနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယင်းအတွက် ဘင်္ဂါလီမွတ်ဆလင်တွေ ကော့ဇ်ဘဇားနယ်ထဲ မဝင်ရောက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB တပ်ဖွဲ့ဝင်များက စောင့်ကြပ်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်ညကလည်း ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ ၁၄၆ ဦးကို BGB တပ်ဖွဲ့ဝင်တွေက ရေနဲ့အစားအစာတွေပေးပြီး မြန်မာဘက်ကို ပြန်လည်စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ လုံခြံုရေးကို တိုးမြှင့် လုပ်ဆောင်နေခဲ့တာဖြစ်ကြောင်းလည်း BGB တပ်မှ ဒုတိယဗိုလ်မှူးကြီး Ariful Islam က ပြောသွားပါတယ်။

ယမန်နှစ် အောက်တိုဘာလ ရခိုင်မှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလီအကြမ်းဖက်သမားတွေကို မြန်မာ့တပ်မတော်က လိုက်လံနှိမ်နင်းရှင်းလင်းခဲ့ချိန်နောက်ပိုင်း ဘင်္ဂါလီ ၈၇,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဆီမှာ ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly