စစ်ဟာ အပျော်ကျူးလွန်းတယ်

စစ်ဟာ အပျော်ကျူးလွန်းတယ်
( ကြုံစိန်ရွာအတွင်း လက်နက်ကြီးကျစဉ် ထွက်ပြေးလာကြသော ရွာသားများ၊ ၁၉၉၄)

 

 

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့် သားမရှိသောအဖေကို
တွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဒာကိုယ်နှင့်
ခန္ဒာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

ချိုအီဇင် ဆူရင်( မွန်ဂိုလီးယား ကဗျာဆရာ )ရဲ့ စစ်ပွဲ ကဗျာမှ။

စစ်ဟာ
ကျဆုံးသွားတဲ့ အမှန်တရားကို အသုဘစင်ပေါ်ပစ်တင်ပြိီး
အောင်ပွဲခံလာနေတဲ့ အမုန်းတရားကို
ဘုရားစင်ပေါ်တင် လက်အုပ်ချီတယ်။

စစ်ဟာ
လူတွေကို ချင်းထဲ ရိပ်ထည့်
မြက်စင်းဓါးအောက် ခေါင်းထိုးသွင်းနိုင်တယ်။

စစ်ဟာ
ခြေသံလုံအောင် က နိုင်တယ်
တရားခံမပေါ်အောင် စ နိုင်တယ်။

စစ်ဟာ
စာရွက် လက်မှတ်ထိုးတဲ့သူကို ကိုးကွယ်ပြီး
သေနတ်ကိုင်တဲ့သူကို သူရဲကောင်းဖြစ်အောင်လုပ်နို်င်တယ်။

စစ်ဟာ
တရားခံကို ကိုယ်ပျောက်တန်ခိုးရစေပြီး
အပြစ်ကင်းစင်သူကို တရားရုံးပေါ် ဆင့်ခေါ်နိုင်တယ်။

စစ်ဟာ
အချစ်ကို ပြတ်နို်င်တယ်
ရုတ်မာမှုကို ဖတ်နိုင်တယ်
ဇီဝကမ္မကို ရပ်ပစ်နိုင်တယ်
ကမ္ဘာကြီးနဲ့ စင်္ကြာဝဠာကြီးကို ပြတ်တောက်အောင် အစွမ်းထက်လွန်းတယ်။

စစ်ဟာ
ကမ္ဘာကြီးကို အပျော်ကြံဖို့ ကြိုးစားရင်းက
အခုဆိုရင်
အပျော်ကျူးတဲ့ ဘီလူးကြိီးဖြစ်နေပြီ။ ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags