ဘူးသီးတောင်မြို့နယ်အတွင်းမှ ထွက်ပြေးလာခဲ့သည့် ကျေးရွာသား နှစ်ထောင်ကျော်ခန့် ရှိလာ

ဘူးသီးတောင်မြို့နယ်အတွင်းမှ ထွက်ပြေးလာခဲ့သည့် ကျေးရွာသား နှစ်ထောင်ကျော်ခန့် ရှိလာ

ဘူးသီးတောင်၊ သြဂုတ် ၂၆ ရက်။                     ။  သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုင်မှု ဖြစ်စဉ်ကြေင့် မိမိတို့၏ကျေးရွာများတွင် ဆက်လက်၍နေထိုင်ရန် စိုးရိမ် နေရသည့်အတွက် ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာများမှ အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသည့် ဒုက္ခသည်ပေါင်း နှစ်ထောင်ကျော်ထိ ရှိလာနေကြောင်း သိရသည်။ 

အဆိုပါကျေးရွာသားများမှာ အကြမ်းဖက်မှုစတင်ဖြစ်ပွားခဲ့သည့် ယခုလ ၂၅ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ ယနေ့ မနက်ပိုင်းအထိ ကျေးရွာပေါင်း ၅၀ ကျော်တို့မှာ မိမိတို့၏ကျေးရွာနှင့် အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးလျှက် ရှိနေ ကြာင်း သိရသည်။ 

“ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တွေကိုတော့ လောလောဆယ်မှာ ယာယီစခန်းတွေ ဖွင့်ပေးထားပါတယ်။ မြို့ပေါ်မှာ နှစ်ခုရှိပါတယ်။ ပြီးတော့ နယ်တွေမှာလည်း ရှိနေပါတယ်။ တပ်ထဲမှာလည်း ထားပါတယ်။ ရခိုင်တိုင်းရင်းသားကျေးရွာ အားလုံးနီးပါး ထွက်ပြေးလာနေကြတာပါ။ အခြေအနေက ဒီနေ့ညတုန်းကလည်း တိုက်နေဆဲဖြစ်တာကြောင့် ရွာတွေမှာ နေထိုင်ဖို့ အခက်အခဲရှိနေ ပါတယ်။”ဟု ဘူးသီးတောင်မြို့ခံ ဦးမောင်ဝင်းနိုင်က ပြောသည်။ 

ထွက်ပြေးလာခဲ့ကြသည့် ကျေးရွာသားများနှင့် အကြမ်းဖက်သမားများ၏ ဝိုင်းထားမှုကြောင့် ပိတ်မိနေသောကျေးရွာ များအား တပ်မတော်နှင့် နယ်ခြားစောင့်ရဲတို့ ပူးပါင်းရှင်းလင်းပြီး ကယ်ထုတ်ရရှိလာသည့် ကျေးရွာသားများအား ခလရ ၅၅၂ ၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ပြင်ခေါင်ကျေးရွာတို့တွင် ယာယီစခန်းများဖွင့်လှစ် ထားရှိကြောင်း သိရသည်။ 

“ရွာသားတွေ ထွက်ပြေးလာတဲ့အချိန်မှာ အကြမ်းဖက်သမားတွေက နောက်ကလိုက်ပြီးတော့ ပစ်ခတ်တာတွေ ရှိတယ် လို့ သိရပါတယ်။ နောက်ပြီးတော့ တချို့ပိတ်မိနေတဲ့ ရွာသားတွေကိုလည်း တပ်နဲ့ရဲ အကူအညီ ယူပြီးတော့ ကယ်ထုတ် ထားရတယ်။ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်နေပါတယ်။ ၅၅၂ တပ်ရင်းမှာ ရှိနေတဲ့ လူဦးရေ တစ်ထောင် ကျော်အတွက် ရခိုင်ပြည်နယ်အစိုးရက ရိက္ခာပို့ဖို့လုပ်နေတယ်လို့ သိရပါတယ်။”ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။ 

ယင်းထွက်ပြေးလားခဲ့ကြသူများအား ထားရှိသည့် ယာယီစခန်း များဖြစ်သော ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် လူဦး ရေ ၅၀ နီးပါးခန့်၊ စပါးထားကျေးရွာတွင် လူဦးရေ ၄၀ ဝန်းကျင်နှင့် ခလရ ၅၅၂ တပ်ရင်းနှင့် ပြင်ခေါင်ကျေးရွာတို့တွင် လူဦးရေ တစ်ထောင်ကျော်စီ ရောက်ရှိကြောင်း သိရသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဒေသမှ ရွာလုံးကျွတ်ထွက် ပြေးနေရသည့် ကျေးရွာတချို့တို့မှာ ပန်းပဲချောင်း၊ ဇီးဒုံ၊ တောင်းကြီးရင်း၊ ရွာသာယာ၊ ဘဒနာ၊ တောင်ဘဇာ၊ သရဖီ၊ ကင်းချောင်း၊ သဘောက်ချောင်း၊ သပိတ်တောင်၊ ဦးကျော် သာစည်၊ လိုင်ရှည်ပြင် စသည့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly