“ ၈၈ နဲ့ အင်န်အယ်လ်ဒီ၊ သမိုင်းကနေ အချိန်မီ သင်ခန်းစာ ယူပါ ”

“ ၈၈ နဲ့ အင်န်အယ်လ်ဒီ၊ သမိုင်းကနေ အချိန်မီ သင်ခန်းစာ ယူပါ ”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းအဖွဲ့ အကွဲအပြဲတွေ ဖြစ်ခဲ့ ပါပြီ။ နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ စကားလုံးလှလှလေးတွေ ပြောနေကြတဲ့တိုင်၊ အကွဲအပြဲ တကယ်ဖြစ် ခဲ့ကြောင်း၊ ဘယ်လောက် နက်ရှိုင်းကြောင်း ဝန်မခံကြတဲ့တိုင် တကယ့် အဖြစ်မှန်က တော့ ကွဲပြဲခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ကွဲကြ၊ ပြဲကြတာကတော့ မ ဆန်းပါဘူး။

ပိုအရေးကြီးတာက ဒီဖြစ်ရပ်တွေကို ပြန်သုံးသပ်ကြဖို့၊ ဒီဖြစ်ရပ်ဟာ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို သွားရာလမ်း ထိခိုက်နိုင်၊ မထိခိုက်နိုင်နဲ့ အရေးအကြီးဆုံးကတော့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေဟာ ကိုယ့်ရည်ရွယ်ချက်ကို ထိခိုက်နိုင် မထိခိုက်နိုင် သုံးသပ်ပြင်ဆင် သွားကြဖို့ပါ ပဲ။ ဒီအတွက် သိပ်ပြီး မဝေးလှသေးတဲ့ ၂၀၁၀ က သမိုင်းဖြစ်ရပ် တစ်ခုရှိနေပါတယ်။ အဲဒီ ဖြစ်ရပ် ကို ပြန်ပြောင်း သုံးသပ်ကြည့် ရင် ဒီနေ့ အင်န်အယ်လ်ဒီ နဲ့ ၈၈၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်း ဆောင်တွေ ဘာလုပ်ကြရင် ကောင်းမလဲ မြင်တွေ့လာကြမှာပါ။ ၂၀၁၀ မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ပြန် သုံးသပ်ကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံမှာ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ပြီး ပြည်သူသိန်းနဲ့ချီ သေဆုံး၊ သန်းနဲ့ချီ တဲ့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတဲ့တိုင် ညှာတာ စာနာစိတ် ကင်းမဲ့လှတဲ့ စစ်အာဏာရှင်တွေဟာ စစ်ဘုရင်မင်းဆက် တည်တံ့ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မရမက အတည်ပြုခဲ့ကြပါတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း နောက်ထပ် စစ်ဘုရင်မင်းဆက်တစ်ခုကို အာဏာ ဆက်ပေးနိုင်ဖို့အတွက် ၂၀၁၀ မှာဟန်ပြရွေးကောက် ပွဲတစ်ခု ကျင်းပဖို့ ကြိုးစားပါတယ်။ အဲလို ရွေးကောက်ပွဲမျိုးကနေ သူတို့လိုချင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့အတွက် အင်န်အယ်လ်ဒီလို ပြည်သူလူထု ထောက်ခံမှု အများဆုံးရထားတဲ့ ပါတီကြီး ဝင်ပြိုင်လို့ မရနိုင်လောက်အောင် မတရားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ ကြိုတင် ပြဋ္ဌာန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ ခေါင်းဆောင်တွေကိုလည်း နေ အိမ် အကျယ်ချုပ်ကနေ လွှတ်မပေးပါဘူး။

တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေ အားလုံးလို လိုလောက်ကိုလည်း ထောင်ထဲ ထည့်ထားပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ကိုလည်း ရာနှုန်းပြည့် ဖိနှိပ်ချုပ်ချယ် ထားပါတယ်။ ပြည်ပလေ့လာ သူတွေကို လည်းလုံးဝလာခွင့် မပေးပါဘူး။ ပြောရရင် ကိုယ်လိုချင်တဲ့ အဖြေတစ်ခုရဖို့ လုပ်တဲ့ဟန်ပြ ရွေးကောက်ပွဲ သက်သက်ပါ။ ဒီရွေးကောက်ပွဲကြီး လုပ်မယ် ဆိုတော့ အင်န်အယ်လ်ဒီ ပါတီထဲမှာ အလွန်ကြီးကျယ် တဲ့ငြင်းခုံမှု ဖြစ်ပွားပါတယ်။ ရွေးကောက်ပွဲကို ဝင်မယ်ဆိုရင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ် အောင်ဆန်းစုကြည်၊ အကျဉ်းကျနေတဲ့ ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေကို ပစ်ပယ်ရပါမယ်။

တခြားမမျှတမှုတွေကလည်း အလွန်များပါတယ်။ ရွေးကောက်ပွဲ မဝင်ဘူး ဆိုရင်လည်း ပါတီကို ဖျက်သိမ်းပစ်မယ်လို့ စစ်အာဏာပိုင်တွေက ရာဇသံပေး ခြိမ်းခြောက်ပါတယ်။ အပြင်မှာရှိတဲ့ အင်န် အယ်လ်ဒီ ခေါင်းဆောင်တွေအတွက် အလွန်ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရတဲ့ အနေအထားပါ။ တကယ် တော့ အဲဒီအချိန်က အင်န်အယ်လ်ဒီ ပါတီရွေးချယ်ရမှာက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ရင် သပိတ်မှောက်တဲ့ ရည်ရွယ်ချက် အောင်မြင်အောင်လုပ်ရမှာ ဖြစ်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင်လည်း ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်ချမှတ်၊ အောင်မြင်အောင် လုပ်ရမှာပါ။

တိုတိုပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲကို သပိတ် မှောက်မယ့် ဆုံးဖြတ်ချက် ခက်ခက်ခဲခဲ ချခဲ့ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း နောက်ပိုင်းမှာ ပါတီဝါရင့် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်နဲ့ အဖွဲ့ဝင် အတော်များများ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ အင်န်အယ်လ်ဒီ ပါတီရဲ့ အဓိကလုပ်ဆောင်ရမယ့် ရည်မှန်းချက်ဟာ တတ်နိုင်သမျှ ရွေးကောက်ပွဲ သပိတ်မှောက်မှု အောင်မြင်အောင် လူထုကို ဟောပြော စည်းရုံးတာ၊ စစ်အာဏာ ရှင်တွေက ကျင်းပပေးတဲ့ ရွေးကောက်ပွဲ ဘယ်လောက် တရားမျှတမှု မရှိဘူးလဲ ဆိုတာ စနစ်တ ကျ စောင့်ကြည့် ဖော်ထုတ် မှတ်တမ်းတင်တာ၊ အခြေအနေအရ မလွဲမရှောင်သာဘဲ ရွေးကောက်ပွဲ ဝင်ကြတဲ့ တိုင်းရင်း သားပါတီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဝန်းရံပေးဖို့ပဲ ဖြစ်ပါတယ်။

အလားတူ အင်န်အယ်လ်ဒီ ပါတီဆိုတာ ဥပဒေအရ ဖျက်သိမ်းပြီးသလို ဖြစ်ခဲ့ပြီမို့ ကိုယ့်ဖာ သာကိုယ် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် NDF ပါတီကလည်း နဂို ခံယူထားတဲ့အတိုင်း စစ် အာဏာရှင် စနစ်ကို တိုက်ဖျက်ပစ်မယ့် ကြွေးကြော်သံမျိုးနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြဖို့ပဲ ဖြစ်ပါ တယ်။ တစ်ပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မိခင်ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ရွေး ကောက်ပွဲ သပိတ်မှောက်တဲ့ လှုပ်ရှားမှုကို ဆန့်ကျင်ဖို့ မလိုသလို ပါတီခေါင်းဆောင်တွေနဲ့ ပါတီ ကိုလည်း ဆန့်ကျင်ဖို့ မလိုပါဘူး။ အဲဒီအချိန် အင်န်အယ်လ်ဒီက ကြွေးကြော်ရမှာဟာ ရွေးကောက် ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိဘူး၊ ဒါကြောင့် ရွေးကောက်ပွဲကို ဝိုင်းပြီး သပိတ်မှောက်ကြပါ၊ တကယ်လို့ အာဏာပိုင်တွေရဲ့ ဖိအားကြောင့်၊ အကြောက်တရားကြောင့် မဲပေးကြမယ် ဆိုရင် လည်း အာဏာပိုင်တွေ ဖန်တီးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီလိုမျိုးကို မဲမပေးပါနဲ့၊ တခြားပါတီကို မဲထည့်ပါ ဆိုတာမျိုး ဖြစ်ရမှာပါ။

တကယ့်တကယ် အဲလိုမဖြစ်ခဲ့ပါဘူး။ အပေါ်ပိုင်းမှာရော အောက်ခြေမှာပါ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ အင်န်အယ်လ်ဒီနဲ့ ရွေးကောက်ပွဲဝင်တဲ့ အင်န်အယ်လ်ဒီ လူဟောင်း NDF တွေ အုပ်စုလိုက် အကြီးအကျယ် ပဋိပက္ခတွေဖြစ် တိုက်ပွဲဆင်ကြတာ တွေ့ရပါတယ်။ ဒီလိုနဲ့ နှစ်ဘက်  စလုံးရဲ့ ရည်မှန်းချက် ထိရောက်အောင်မြင်တယ်လို့ ပြောလို့မရတဲ့ အခြေအနေ ရောက်သွားခဲ့ပါ တယ်။ အထူးသဖြင့် ဒီနေ့ကာလဦးခင်မောင်ဆွေနဲ့ အင်န်ဒီအက်ဖ် ပါတီဆိုရင် အရင်အင်န်အယ်လ်ဒီမှာ ရှိနေစဉ်တုန်းကနဲ့အများကြီး ကွာခြားသွားခဲ့ပါပြီ။ ခုဆိုရင်လွှတ်တော်ထဲမှာ မျိုးစောင့်ဥပဒေ တင်သွင်းတဲ့ထောက်ခံတဲ့ပါတီ ကြီး တစ်ခုအဖြစ် လုံးလုံးလျားလျား အင်န်အယ်လ်ဒီနဲ့ ရပ်တည်ချက် ခြားနားသွားပါပြီ။ ဒါတွေကို ပြန်သုံးသပ်ကြဖို့ လိုနေပါတယ်။

အခု အင်န်အယ်လ်ဒီ နဲ့ ၈၈ ဖြစ်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က သူတို့လုပ်ရပ် မှန်တယ်ဆိုပြီး မြင်နေကြပုံရပါတယ်။ ဘာမှ ပြန်သုံးသပ်မှုလုပ်တာ မကြား ရပါဘူး။ ၈၈ ဘက်ကလည်း ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားတွေကို ဝန်း ရံမယ်၊ ဒါဟာ အင်န်အယ်လ်ဒီ အနိုင်ရရေး ဝန်းရံတာ မဟုတ်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် တွေ ဖွင့်ဆို ပြခဲ့ ပြီးပါပြီ။ ဒီအခြေအနေဟာ ရွေးကောက်ပွဲကာလ မဲဆန္ဒနယ်မြေ အတော် များများမှာ နှစ်ဘက် အင်အားစုတွေဟာ ဆန့်ကျင်ဘက် နေရာတွေဆီ ရပ်တည်မိလျက်သား ဖြစ်လာကြ ပါလိမ့်မယ်။

ဒါဟာ နှစ်ဘက်ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တိုင်းပြည်ကို ပြောင်းလဲ ပစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို အထောက်အကူ ဖြစ်စေမယ့် လုပ်ရပ်တွေ ဟုတ်ရဲ့လားဆိုတာ ကောင်းကောင်း စဉ်းစားသုံးသပ်ကြဖို့ လိုနေပါပြီ။ တစ်ပြိုင်နက်တည်း ၂၀၁၀ တုန်းက အဖြစ်အပျက် တွေကိုလည်း ပြန်ပြောင်း သင်ခန်းစာယူသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags