အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ရသည့်အခြေအနေ မြင့်တက်

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ရသည့်အခြေအနေ မြင့်တက်

ဘူးသီးတောင်၊ သြဂုတ် ၂၅ ရက်။             ။ နယ်ခြားစောင့်ရဲ တပ်စခန်းများကို ဒုတိယအကြိမ် စီးနင်းမှုတစ်ခုဖြစ်သည့် သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့်   မောင်တောခရိုင်အတွင်းရှိ   ကျေးရွာများအပါအဝင် ရသေ့တောင်မြို့နယ်အတွင်း ကျေးရွာများပါ စိုးရိမ်နေရသည့် အခြေအနေမှာ မြင့်တက်လျှက်ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ည အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စခန်းပေါင်း ၂၀ ကျော်စီးနင်းခံလိုက်ရ ကာ ကျေးရွာတချို့မှာလည်း အဝိုင်းခံထားရသည့်အတွက် တပ်မတော်မှအင်အားသုံး နှိမ်နင်းခဲ့ရကြောင်း သိရသည်။

“လောလောဆယ်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပါပဲ။ ကျေးရွာတွေကို မီးရှို့တာတွေလည်း တွေ့နေရပါတယ်။ တောင်ဘဇာနယ်မြေအတွင်းမှာ ကျေးရွာတွေကို အကြမ်းဖက်သမားတွေ ဝိုင်းထားတယ်လို့ သတင်းပို့တဲ့အတွက် ခုနကပဲ တပ်မတော်က အဲဒီနေရာကို လိုက်သွားကြပါတယ်။ မောင်တောဘက်မှာလည်း စိုးရိမ်ရတဲ့အနေအထားပါ။”ဟု ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်သမားများ၏ ဝိုင်းဝန်းထားမှုကြောင့် ပိတ်မိနေသည့်တောင်ဘဇာ ကျေးရွာအား ခလရ ၅၀၂ နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုင်မှုကြောင့် ညနေပိုင်းတွင် ရွာသားကို ကယ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

“ဘူးသီးတောင်ရဲ့ နောက်ဆုံးအခြေအနေကတော့ အကြမ်းဖက်တွေ ဝိုင်းထားတဲ့ တောင်ဘဇာရွာသားတွေကို ကယ်ထုတ်ယူလာနိုခဲ့ပါတယ်။ အဲဒီရွာသားတွေကို လောလောဆယ်မှာ ၅၀၂ တပ်ရင်းမှာ ထားတယ်လို့သိရပါတယ်။ နောက်ပြီးတော့ ဘူးသီးတောင် မြောက်ပိုင်း ကျေးရွာတော်တော်များများက လူတွေရွှေ့ပြောင်းလာနေကြပါတယ်။ လမ်းခရီးမှာ သူတို့အတွက်စိုးရိမ်ရပါတယ်။”ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ယင်းအပြင် မောင်တောမြို့နယ်တွင်လည်း စိုးရိမ်ရသည့် အခြေအနေမှာ မြင့်မားလျှက်ရှိနေပြီး မောင်တောမြို့နယ် မြောက်ပိုင်းဒေသမှ ကျေးရွာအများစုတို့မှာ လုံခြံုမှုမရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများ က ပြောသည်။

လက်ရှိတွင် ကျေးရွာများ၏ အခြေအနေမှာ လုံခြံုမှုမရှိတော့သည့်အပြင် တပ်မတော်နှင့် လုံခြံုရေးတပ်များမှာလည်း အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းနေရသည့်အတွက် ကျေးရွာအများစုတို့ကို လုံခြံုရေးမပေးနိုင်တော့ဘဲ အကြမ်းဖက်သမားများလက်တွင်း ပိတ်မိနေသည့်ကျေးရွာသားများကို ကယ်ထုတ်နိုင်ရေးတို့ကို အဓိကဆောင်ရွက် နေကြရကြောင်း ဒေသံများကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly