မောင်တောတွင် ညမထွက်ရအမိန့် အချိန် ၃ နာရီ ထပ်တိုး

မောင်တောတွင် ညမထွက်ရအမိန့် အချိန် ၃ နာရီ ထပ်တိုး
ဓာတ်ပုံ - အီပီအေ

ရန်ကုန်၊ သြဂုတ် ၂၆ ။                   ။ ယနေ့ မနက်အစောပိုင်းက ရဲစခန်းများ အကြမ်းဖက်အတိုက်ခိုက်ခံရအပြီး မောင်တောဒေသတွင် ည ၉ နာရီမှ နံနက် ၅ နာရီအစား ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ( ပုဒ်မ ၁၄၄ ) ကို ၃ နာရီ အချိန်တိုးမြှင့်လိုက်ကြောင်း သိရသည်။

“ လောလောဆယ် ညမထွက်ရအမိန့်ကို ည ၆ ကနေ မနက် ၆ နာရီအထိ ၃ နာရီတိုးထားပါတယ် ” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က မဇ္စျိမကို အတည်ပြုပြောသည်။

မောင်တောမြို့နယ်၏ ညမထွက်ရအမိန့်အား ၂၀၁၂ ခုနှစ် ၊ ရခိုင်ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ ည ၉ နာရီမှ နံနက် ၅ နာရီကြား လုံခြုံရေးအခြေအနေများအရ လိုအပ်သလို တိုးလျော့သတ်မှတ်ပေးနေခြင်းဖြစ်ပြီး ၅ နှစ်တာ ကာလအတွင်း အပြီးတိုင်ရုတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သြဂုတ်လ ၁၀ ရက်ကတည်းက မောင်တောတွင် နယ်စပ်မတည်ငြိမ်မှုများကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ ဆက်လက်၍ (၂) လထိ ထပ်မံ တိုးမြှင့် ထားခြင်းလည်းဖြစ်သည်။

အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက် ၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှံုးထားပြီး အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရဲစခန်းများ အတိုက်ခိုက်ခံရအပြီး ယခု ထပ်မံ အတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly