အကောင်းဆုံးပုံစံနဲ့ ပြန်လာတဲ့ အိဗ်တင်း

အကောင်းဆုံးပုံစံနဲ့ ပြန်လာတဲ့ အိဗ်တင်း

ပြီးခဲ့တဲ့လေးလလောက်က One Championship ရဲ့ လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖိုလာရန်းကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် မလေးရှားဖိုက်တာ အိဗ်တင်း အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပါပြီ။

နီဂါရာပြိုင်ကွင်းထဲမှာ ကျင်းပခဲ့တဲ့ ONE: QUEST FOR GREATNESS ပြိုင်ပွဲမှာ အိဗ်တင်းဟာ ဂျပန်ဖိုက်တာ နိုဘုတက်ဆု ဆူဇူကီးနဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ရပါတယ်။ ဆူဇူကီးက MMA ပွဲတွေမှာ ရှုံးပွဲ ၂ ပွဲသာရှိထားပြီး ၁၁ ပွဲအထိ အနိုင်ရထားသူ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ကယ်တမ်းပွဲလွှတ်လိုက်တဲ့ အခါမှာတော့ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆူဇူကီးဟာ အသက် ၂၈ နှစ်သာ ရှိသေးတဲ့ အိဗ်တင်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ဆူဇူကီးက တိုက်စစ်စဖွင့်တာဖြစ်ပေမယ့် လျှင်မြန်တဲ့အိဗ်တင်းက ရင်ဆိုင်ထိုးကာ ဂျပန်ကြီးကို အခက်တွေ့စေခဲ့ပါတယ်။

အိဗ်တင်းရဲ့ လက်သီးချက်ကြောင့် ဆူဇူကီးကွဲသွားခဲ့ရပါတယ်။ အဲ့ဒီနောက် အိဗ်တင်းက ဆူဇူကီးကို ကိုင်ပေါက်ပြီး ဘယ်ညာတွဲလုံးတွေနဲ့ ဆက်တိုက်ထိုးသတ်ခဲ့ပါတယ်။ ဒိုင်လူကြီးအိုလီဗာကော့စ်က ဆူဇူကီးအနေနဲ့ ဆက်လက်ခုခံနိုင်ဖို့ လမ်းမမြင်တာကြောင့် ပွဲကို အဆုံးသတ်လိုက်ပါတယ်။ ထိုးသတ်ချိန်က ၃ မိနစ်နဲ့ ၂၉ စက္ကန့်သာ ကြာလိုက်ပြီး ပွဲသိမ်းသွားခဲ့ရပါတယ်။

အိဗ်တင်းအနေနဲ့ ဖိလစ်ပိုင်ဖိုက်တာ ဖိုလာရန်းကို ပြန်လည်စိန်ခေါ်ဖို့ ယုံကြည်မှုတွေ ရရှိသွားရတဲ့ ပွဲဖြစ်ပါတယ်။ ဒီနိုင်ပွဲက အိဗ်တင်းအတွက် ၁၄ ပွဲမြောက်နိုင်ပွဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly