မလေးရှားရဲ့ အနာဂတ် MMA ဖိုက်တာ သာနီ

မလေးရှားရဲ့ အနာဂတ် MMA ဖိုက်တာ သာနီ

အသက် ၂၂ အရွယ်ရှိ အဂျီလန်သာနီဟာ မလေးရှားနိုင်ငံအတွက် အနာဂတ် MMA ဖိုက်တာ ဖြစ်လာနိုင်သူ ဖြစ်ပါတယ်။ ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ ONE: QUEST FOR GREATNESS ပြိုင်ပွဲမှာ သာနီဟာ သူ့ထက် အတွေ့အကြုံရော သမ္ဘာပါ ရင့်ကျက်တဲ့ အီဂျစ်ဖိုက်တာ ရှီရစ်မိုဟာမက်ကို အနိုင်ရအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။

မိုဟာမက်ဟာ MMA ပြိုင်ပွဲ ၁၁ ပွဲ ထိုးသတ်ခဲ့ရာမှာ ၈ ပွဲအထိ အနိုင်ရထားတဲ့သူ ဖြစ်ပြီး အီဂျစ်ရဲ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။

သာနီဟာ ငယ်ရွယ်ပြီးအလားအလာရှိသူဖြစ်လို့ မလေးရှားနိုင်ငံသားတွေက အထူးအားပေးကြပါတယ်။ ပွဲစလွှတ်လိုက်တာနဲ့ နှစ်ယောက်စလုံးဟာ ပါ၀ါချင်းပြိုင်ပြီး သူထိုးကိုယ်ထိုး ထိုးသတ်ခဲ့ကြပါတယ်။ နောက်တော့ သာနီက မိုဟာမက်ကို ချုပ်ပြီး ကိုင်ပေါက်ခဲ့ပါတယ်။ လဲကျသွားပြီးနောက်မှာတော့ သာနီက အပေါ်စီးကနေ ချုပ်ပြီး ထိုးသတ်ပါတယ်။ မိုဟာမက်ကလည်း ပြန်ရုန်းပါတယ်။ ပထမအချီမှာ သူတစ်ပြန် ကိုယ်တစ်လှည့် အပေါ်အောက်ရောက်ခဲ့ကြပြီး အပြန်အလှန်ထိုးသတ်နိုင်ခဲ့ကြပါတယ်။

ဒုတိယအချီစပြီး သိပ်မကြာခင်မှာတော့ သာနီရဲ့ကန်ချက်က မိုဟာမက်ရဲ့ မတော်ရာကို ထိခိုက်မိလို့ ပွဲခဏနားခဲ့ရပါတယ်။ အဲ့ဒီနောက်ပြန်လည်ထိုးသတ်ရာမှာတော့ သာနီကပဲ အသာစီးရခဲ့ပြီး ချုပ်လှဲကာ ထိုးသတ်နိုင်ခဲ့ပြန်ပါတယ်။ မိုဟာမက်ကတော့ အထိုးမခံရအောင်ပဲ ကာကွယ်နေခဲ့ရပါတယ်။ တတိယအချီမှာလည်း သာနီက မိုဟာမက်ကို ကိုင်ပေါက်ပြီး အပေါ်ကနေ ချုပ်ထိုးပြန်ပါတယ်။ မိုဟာမက်ဟာ သာနီကို အင်အားချင်းမယှဉ်နိုင်သလို ထိုးသတ်တဲ့အပိုင်းမှာလည်း မယှဉ်နိုင်ခဲ့ပါဘူး။

သုံးချီပြည့်သွားလို့ အလဲမထိုးနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးအသာစီးထိုးသတ်နိုင်ခဲ့တဲ့ သာနီကပဲ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

တက်သစ်စ လူငယ်ဖိုက်တာ သာနီအတွက်တော့ MMA ပြိုင်ပွဲတွေမှာ ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကောင်းကို ဆက်လက်ပိုင်ဆိုင်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံအတွက်တော့ သာနီက အနာဂတ်တောက်ပနေတဲ့ ဖိုက်တာတစ်ဦးပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly