မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊သြဂုတ်လ၊ ၂၄ ။        ။ မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake Hotel ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးများ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် စီးပွားရေးလုပ်ဆောင်ရာတွင် အမျိုးသမီးများအတွက် အခွင့်အရေးများကို အဓိကထား   ဆွေးနွေးသွားကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များကို ပါဝင်ဆွေးနွေးခဲ့သည့် ဥပဒေ၊ ဂျန်ဒါနှင့် နိုင်ငံရေးကျောင်း တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြံုစိတ်ချရမှု အပြည့်အဝရှိမည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သောကြောင့် အမျိုးသမီးများအတွက် လုံခြံုမှုရှိသညိ့ ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အရေးကြီးကြောင်း ပြောကြားသည်။

အမျိုးသမီးများ စီးပွားရေး လုပ်ဆောင်သည့်နေရာတွင် ငွေရေးကြေးရေး လက်လှမ်းမမီနိုင်ခြင်း၊ နည်းပညာလိုအပ်ချက် ရှိနေခြင်း၊ မူဝါဒပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်များ ရှိနေခြင်း ဆိုသည့် အခက်အခဲများ ရှိနေသေးကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် Pact Myanmar အဖွဲ့မှ Senior Coordinator ဒေါက်တာ အိသဥ္ဇာမင်းမင်းဦးက ပြောပါသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပသည့် ထိုဆွေးနွေးပွဲသည် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် လူဦးရေ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly