ကမ္ဘာ့ရှားပါးတိရစ္ဆာန် ခွေးတူဝက်တူတစ်ကောင် ဖမ်းမိထားပြီး ဆေးကုသပေးနေ

ကမ္ဘာ့ရှားပါးတိရစ္ဆာန် ခွေးတူဝက်တူတစ်ကောင် ဖမ်းမိထားပြီး ဆေးကုသပေးနေ

မိုးညှင်း သြဂုတ် ၂၄ ။            ။ ကမ္ဘာပေါ်တွင် တွေ့ရခဲသည့် ရှားပါးတိရစ္ဆာန်တစ်မျိုးဖြစ်သည့် ခွေးတူဝက်တူတစ်ကောင်ကို မိုးညှင်းမြို့ မြို့မစျေးကြီးအတွင်း၌ သြဂုတ် ၂၃ ရက် နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် စျေးလုံခြုံရေး ဝန်ထမ်းများက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

'' ဝင်းထဲက ဆိုင်တံခါးတွေကို လက်နဲ့တွန်းနေသံကြားရလို့ သူခိုးလားထင်ပြီး သွားကြည့်တယ်။ အကောင် တစ်ကောင်ဖြစ်နေတယ်။ ခွေးတွေတောင် မဆွဲရဲကြဘူး။ အကောင်ကြီးက စျေးဝင်းထဲမှာ ပတ်ပြေးနေတာ မနည်းဖမ်းယူရတယ်'' ဟု ညတာဝန်ကျ လုံခြုံရေးဝန်ထမ်း ကိုဆန်းထွန်းဝင်းက ပြောသည်။

အဆိုပါသတ္တဝါကို သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ အင်းတော်ကြီး တောတွင်းတိရစ္ဆာန်ဘေးမဲ့တောက စျေးတာဝန်ခံရုံးမှ နေ့ချင်းလာရောက်သယ်ဆောင်သွားပြီး အင်းတော်ကြီး နန့်မွန်းဘေးမဲ့တောရုံးသို့ ပို့ဆောင်ဆေးကုသထားကြောင်း သိရသည်။

''Hog Badger လို့ အမည်ရပါတယ်။ ခွေးတူဝက်တူ၊ကြွက်တူခွေးတူ၊ ဝက်တူခွေးတူလို့ ခေါ်ကြတယ်။  ကမ္ဘာပေါ်မှာ အလယ်အာရှနဲ့ အရှေ့တောင်အာရှမှာပဲ ရှိတယ်။ မြန်မာနိုင်ငံမှာကတော့ အလယ်ပိုင်းမပါ ဒေသစုံမှာ ရှိပါတယ်။ တောအမျိုးအစားအမျိုးမျိုးနဲ့သိပ်မမြင့်တဲ့ တောင်တွေမှာပဲ ရှင်သန်နိုင်တယ်။ အပူပိုင်းမှာ မရှင်သန်နိုင်ပါဘူး။ တီကောင်တွေပဲ စားပါတယ်။  နေတာက မြေအခေါင်းတောင်အခေါင်းတွေမှာပဲ နေတယ်။ လျှို့ဝှက်နေတတ်တဲ့ သဘာဝရှိပြီး ကြောက်တတ်တယ်။ တွေ့ရခဲတယ်''' ဟု အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း
က ဆိုသည်။

လက်ရှိတွင် တိကျသည့်စာရင်းကောက်ယူ ထားမှု မရှိ၍ အကောင်အရေအတွက်ကို အတိအကျမပြောနိုင်သော်လည်း ရှားပါးသည့်တောတွင်းတိရစ္ဆာန်မျိုး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly