မြန်မာနိုင်ငံသည် နိုင်ငံမဲ့ဦးရေအများဆုံးခန့် ဖြစ်နေဟု ကိုဖီအာနန်ပြော

မြန်မာနိုင်ငံသည် နိုင်ငံမဲ့ဦးရေအများဆုံးခန့် ဖြစ်နေဟု ကိုဖီအာနန်ပြော

ရန်ကုန်၊ သြဂုတ် ၂၄ ။           ။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်ကိစ္စများနှင့် နိုင်ငံသားစီစစ်ရေးကိစ္စများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဦးရေ အများဆုံးခန် ့   ဖြစ်နေသည်ဟု ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ပြောဆိုလိုက်သည်။

" မြန်မာနိုင်ငံမှာ အခုအချိန်မှာ နိုင်ငံမဲ့အရည်အတွက်က ကမ္ဘာမှာ အများဆုံးလောက် ဖြစ်နေပါတယ်။ ဒီအခြေအနေက ဆက်ပြီးသွားဖို့ မသင့်တော်တဲ့ အခြေအနေပါ။ အကောင်အထည်ဖော်နိုင်အောင်လည်း တတ်နိုင်သမျှကြိုးပမ်းအားထုတ်သွားဖို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ် " ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အကြံုပြု အစီရင်ခံစာနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၂၄ ရက်၊ ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂီလာဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကိုဖီအာနန်က ထို့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ၄င်းအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံမဲ့ဦးရေ မည်မျှရှိနေသည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

နိုင်ငံသားဖြစ်မှုနှင့် လွတ်လပ်စွာသွားလာခွင့်ကိစ္စတို့ကို အစိုးရအနေဖြင့် ကော်မရှင်၏ အကြံပေးမှုများအတိုင်း အကောင်အထည်ဖော်ပါက ကာလရှည်ကြာစိတ် ပျက်အားငယ်မှုနှင့် အကြမ်းဖက်မှုကိုဖြစ်စေသည့် ရန်လိုမှုများကို ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်းလည်း ၄င်းကဆက်လက်ပြောဆိုသည်။

" ဥပဒေနဲ့ပတ်သက်လို့အကြံပြုထားတာရှိပါတယ်။ နိုင်ငံသားဖြစ်မှု လွတ်လပ်စွာသွားလာနိုင်မှု နိုင်ငံသားဖြစ်မှု စီစစ်ရေး ဒါတွေဟာ ရှုပ်ထွေးတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း အလွန်အရေးကြီးတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါကို အဓိကထားပြီးအကြံပြုချက်တွေကိုလည်း ဖော်ထုတ်ပြီးတော့ တင်ပြထားပါတယ်။ စနစ်တကျ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် တော်တော်များများပုံမှန်ပြန်ပြီးတော့ အနေထားပြန်ဖြစ်သွားနိုင်တယ်။ စာရွက်စာတမ်းများရှိပြီးတော့ တရားဝင်ဖြစ်သွားနိုင်တယ်။ ဒီလိုမျိုးဖြစ်ဖို့့ အကြံပြုထားပါတယ် " ဟု မစ္စတာ ကိုဖီအာနန်က ပြောသည်။

နိုင်ငံသားဖြစ်မှုနှင့် လွတ်လပ်စွာသွားလာခွင့်ကိစ္စအကြံပြုချက်များမှာ ရခိုင်ပြည်သူလူထုမှ စိုးရိမ်မှုများ ရှိနေသည်ကို နားလည်သော်လည်း တင်းမာမှုများကိုလျော့ချနိုင်မည့် နည်းလမ်းများဖြစ်ကြောင်း ကော်မရှင်မှ ထုတ်ပြန်သည်။

အကယ်၍ မွတ်ဆလင်အသိုင်းအဝိုင်းကို ချန်ထားခဲ့ပါက ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏အနာဂတ်မှာ နောက်ပြန်မရသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်းလည်း ကော်မရှင်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်အကြံပေးကော်မရှင်၏ အပြီးသတ် အကြံပေးအစီရင်ခံစာသည် ရန်ကုန်၊ နေပြည်တော်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျီနီဖာမြို့တို့တွင် တစ်နှစ်အတွင်း ဆွေးနွေးပွဲပေါင်း ၁၅၀ ပြုလုပ်ပြီး အပြီးသတ်အစီရင်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly