ကာ/လုံ ခေါ်ယူရန် ကြံ့ခိုင်ရေးအမတ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရ

ကာ/လုံ ခေါ်ယူရန် ကြံ့ခိုင်ရေးအမတ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရ
ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အရေးကိစ္စများနှင့်ပတ်သက်ပြီး ကာ/လုံ ဟု လူသိများသော အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် တိုက်တွန်းသော အတိုက်အခံပါတီမှ လွှတ်တော်အမတ်၏ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက လုံခြံုရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများအပေါ် ကာ/လုံ အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေး၊ ဆုံးဖြတ်၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက လွှတ်တော်တွင် တိုက်တွန်းပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေ တင်သွင်းသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည် အုပ််ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးစဉ် ဩဂုတ် ၂၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးသောင်းအေးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ကိစ္စမျိုးဟာ အစိုးရ၊ လွှတ်တော်ဥက္ကဌများနဲ့ တပ်မတော်အကြီးအကဲတွေ ပါဝင်တဲ့ ကာ/လုံ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြံုရေးကောင်စီဟာ မဖြစ်မနေ တွေ့ဆုံ၊ ညှိနှိုင်း အဖြေရှာဖို့ လိုအပ်နေပါတယ်” ဟု ဦးသောင်းအေးက လွှတ်တော်တွင် ပြောသည်။

ကာ/လုံနှင့် ပတ်သက်သည့် ဦးသောင်းအေး၏ ဆွေးနွေးချက်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသောကြောင့် ထိုဆွေးနွေးချက်ကို ပြန်လည် ရုတ်သိမ်းရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

“ဦးသောင်းအေး ဆွေးနွေးတဲ့အထဲမှာ နောက်ဆုံး ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ပြန်ပြီးတော့ ရုတ်သိမ်းပေးပါ။ ပြန်ပြီး ပယ်ဖျက်ပေးပါ။ ဒါက အမျိုးသားကာကွယ်ရေးနဲ့ လုံခြံုရေးကောင်စီ ခေါ်တာ သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော် လုပ်ပိုင်ခွင့် မဟုတ်ဘူး” ဟု ဦးဝင်းမြင့်က ပြောဆိုသည်။

ဦးသောင်းအေးကမူ အဆိုပါ ဆွေးနွေးချက်ကို ပယ်ဖျက်ရန် ငြင်းပယ်ခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်က “ကျွန်တော်ပြောမယ်။ နည်းဥပဒေနဲ့ မညီဘူး။ ရုတ်မလား၊ မရုတ်ဘူးလား ဒါပဲ။ မရုတ်နိုင်ရင် ကျွန်တော်တို့ ဒီဟာကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးပါ။ လွှတ်တော်က ဆုံးဖြတ်တယ်” ဟု လွှတ်တော်တွင် ပြောဆိုသည်။

“ဒီပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့က ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့လည်း ပြောလို့ရတယ်။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်လိုလည်း ပြောလို့ရတယ်။ မဟုတ်ဘူးလား။ ကျွန်တော့အမြင်နဲ့ ကျွန်တော် တင်ပြတာပဲလေ။ အဲ့တော့ လွတ်လပ်စွာ တင်ပြပိုင်ခွင့် ရှိရမှာပဲ။ အခြေခံဥပဒေမှာလည်း ပြဌာန်းထားတာပဲ ။ ဒါကြောင့်မို့လည်း ကျွန်တော့ တင်ပြချက်ကို မပယ်ဖျက် နိုင်တာ” ဟု ဦးသောင်းအေးက လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ကာ/လုံ ခေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ အစည်းအဝေး အကြိမ်(၂၀၀)ခန့် ကျင်းပခဲ့သည်ဟုလည်း ဦးသောင်းအေးက ဆိုသည်။

“ခင်ဗျားတို့လည်း စဉ်းစားကြည့်၊ အစိုးရသစ် တက်လာပြီးတော့ ဒီနေ့ ဒီအချိန်ထိ ကာ/လုံက တစ်ခါမှ ခေါ်တာ မတွေ့ဘူး။ ယခင်အစိုးရဆိုရင် ၂၀၁၀မှာ ရွေးကောက်ပွဲလုပ်ပြီး ၂၀၁၁ လောက်က စလုပ်တယ်။ တစ်ပတ်ကို ၃ကြိမ်လောက်တောင် လုပ်တယ်လို့ ကျွန်တော် မှတ်တမ်းတွေအရ တွေ့ရတယ်” ဟု ၎င်းက မီဒီယာများကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီကို သမ္မတ၊ ဒုသမ္မ(၂)ဦး ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)တွင် နိုင်ငံတော်သမ္မတသည် “နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြံုရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်” ဟု ပြဌာန်းထားသည်။

ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး အစည်းအဝေး ကျင်းပနေချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ၍ တင်ပြ အတည်ပြုချက် ရယူရမည်ဟု ပုဒ်မ ၂၁၃(ခ)တွင် ဆက်လက် ပြဌာန်းထားသည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ခွဲကျော် ကာလအတွင်း ကာ/လုံ အစည်းအဝေး ခေါ်ယူကျင်းပကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။

ဦးသောင်းအေး အပါအဝင် လွှတ်တော်အမတ် (၂၄)ဦး ဆွေးနွေးခဲ့သည့် ဒေါ်ခင်စောဝေ၏ အဆိုအား အတည်ပြုခြင်းမရှိဘဲ မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly