ပြန်ရရှိထားသောရန်ပုံငွေထဲမှ ဒေသအတွက် ကျပ်သန်းပေါင်း ၃ထောင်ကျော်သုံးစွဲရန် တင်ပြထား

ပြန်ရရှိထားသောရန်ပုံငွေထဲမှ ဒေသအတွက် ကျပ်သန်းပေါင်း ၃ထောင်ကျော်သုံးစွဲရန် တင်ပြထား
ဓာတ်ပုံ-မင်းမင်း
 

မကွေး၊ သြဂုတ်လ ၂၄ ။             ။ ယခင်အစိုးရ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေထံက  ပြန်ရရှိထားသော ဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ကျပ် သန်းပေါင်း(၃၂၇၀) ကို သုံးစွဲရန် လျာထားချက်များအား ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

“ဒီ ကျပ်သန်းပေါင်း(၃၂၇၀) နဲ့ ပတ်သက်ပြီး ဘာတွေသုံးမလဲဆိုတာ ပြည်ထောင်စုအစိုးရကို တင်ပြထားတာ ရှိတယ်၊ စိစစ်ပြီးတော့ ခွင့်ပြုဖို့ပြောထားပါတယ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လိုတဲ့ အချက်တွေကို ဗဟိုအစိုးရကို တင်ပြထားပါတယ်” ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သြဂုတ်လ ၂၃ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ အဲဒီငွေနဲ့ ပတ်သက်ပြီး ဘာတွေသုံးမလဲဆိုတာ ပြည်ထောင်စုအစိုးရက မေးထားတာရှိတယ်။ ဘယ်လို သုံးစွဲမယ်ဆိုတာကို တင်ပြထားတာရှိတယ်။ စိစစ်ပြီးတော့ ခွင့်ပြုဖို့ပြောထားပါတယ်” ဟု ဝန်ကြီးချုပ် က ပြောသည်။

ယခင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပြန်ရငွေဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ အပူပိုင်းစိမ်းလန်း စိုပြည်ရေးဌာန၊ စိုက်ပျိုးရေးဌာန၊ ပညာရေးဌာနနှင့် FDA ဌာနများအတွက် တိုယိုတာပစ်ကပ်ကား(၅)စီး၊ မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးသည့် ကျေးရွာများ၌ မီးစက်အသုံးပြုရသော တိုက်နယ် ဆေးရုံများ အတွက် ရန်ပုံငွေ၊ e – government စနစ် အကောင်အထည်ဖော်ဆောင်ရန်၊ တိုင်းအတွင်း(၂၅)မြို့နယ် အတွက် ဟိုက်ဒရောလစ်အမှိုက်သိမ်းယာဉ် (၃၃)စီး၊ တိုက်နယ်များ အတွက် မီးသတ်ယာဉ်/ ရေသယ်ယာဉ် (၂၃)စီး ၊ ရွှေစက်တော်နှင့် ခရိုင်မြို့ကြီးများအတွက် မိလ္လာရေဆိုးစုပ်ယာဉ် (၅)စီးနှင့် ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေးများအတွက်သုံးရန်လျာထားကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly