ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဧက ၄ ထောင်ကျော်ကို သိန်း ၂၀၀၀ နီးပါး မွန်ပြည်နယ်အစိုးရမှ ထောက်ပံ့မည်

ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဧက ၄ ထောင်ကျော်ကို သိန်း ၂၀၀၀ နီးပါး မွန်ပြည်နယ်အစိုးရမှ ထောက်ပံ့မည်

မော်လမြိုင်၊ သြဂုတ် ၂၃ ။           ။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဧက လေးထောင်ကျော်ကို ပြည်နယ်အစိုးရမှ သိန်း ၂၀၀၀ နီးပါး ထောက်ပံ့မည်ဟု သြဂုတ်လ ၂၃ ရက်နေ့က မွန်ပြည််နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ပြောကြားသည်။

“အဓိကဘာတွေထောက်ပံံ့ပေးမလဲဆိုတော့ ဓာတ်မြေသြဇာ၊ မျိုးစပါးတွေ မျိုးစပါးကိုတောင်မှ ရက်တိုတိုနဲ့ သီးနှံထွက်နိုင်မယ့် အမျိုးအစားတွေပေါ့၊ အဲဒီစရိတ်တွေအတွက် တစ်ဧကကို စုစုပေါင်း ငါးသောင်းကျပ် ခန့်မှန်းထားတယ်” ဟု ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်တွင်းသဘာဝဘေးအန္တရာယ်ကြောင့် ရေနစ်မြှပ်မှု၍ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် စပါးစိုက်ပျိုး လယ်မြေဧကပေါင်း ၄,၁၉၃ ဧကအတွက်ပြည်နယ်အစိုးရအနေဖြင့် လာမည့်ကက်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မနှစ်က လယ်တွေကတော့ ထိခိုက်မှုတော့ရှိတယ်၊ မပျက်စီးဘူး၊ ဒီနှစ်ကျတော့ မိုရေးချိန် လက်မ ၂၀ လောက် ပိုရွာတဲ့ သဘောမှာ ရှိတယ်၊ အဲဒါကြောင့် ရေမြှပ်တဲ့မြို့နယ် အဓိကတော့ သထုံခရိုင်ဘက်က များတယ်၊ မိုးကလည်း ပြင်းထန်ပြီ။ ဒီရေတက်တဲ့အချိန်နဲ့ သွားဆုံသွားတာလည်း ပါတယ်” ဟု ဝန်ကြီးဦးထွန်းဌေးက ထပ်လောင်းပြောသည်။

ရေကြီးနစ်မြှပ်မှုကြောင့် လယ်မြေတွင် စိုက်ပျိုးထားသည့်် စပါးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့မှုအတွက် ပြည်နယ်အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုပြုလုပ်ပေးမည်ဆိုပါ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော တောင်သူ လယ်သမားများအတွက် အဆင်ပြေသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်မှ တောင်သူတစ်ဦးက ပြောဆိုသည်။

မွန်ပြည်နယ်တွင် စပါးစိုက်ပျိုးထားသောလယ်မြေများသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အများဆုံးမှာ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ဖြစ်ကြောင်းစိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မှတ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly