ဆော်ဒီညွန့်ပေါင်းတပ်များ လေကြောင်းဗုံးကြဲ၍ ယီမင်မြို့တော်တွင် လူ ၃၀ ကျော် သေဆုံး

ဆော်ဒီညွန့်ပေါင်းတပ်များ လေကြောင်းဗုံးကြဲ၍ ယီမင်မြို့တော်တွင် လူ ၃၀ ကျော် သေဆုံး

ဆာနား၊ သြဂုတ် ၂၃ ။            ။ ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်များက အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များအား ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသော ယီမင်မြို့တော်တွင် သြဂုတ် ၂၃ ရက်၌ လေကြောင်းစီနင်းမှုများ ဖြစ်ပွားရာ အရပ်သားများအပါအဝင် လူပေါင်း ၃၀ ကျော်ထက်မနည်း သေဆုံးကြောင်း သိရသည်။

အာဟတ်ဘ်ခရိုင်အတွင်း ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုများကို အစိုးရထောက်ခံသည့် အာရပ်စစ်ညွန့်ပေါင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယခင်သမ္မတဟောင်း အလီဆာလက်ရှ်အား သစ္စာခံသော တပ်ဖွဲ့များနှင့်အတူ ဆာနားမြို့တော်အား ထိန်းချုပ်ထားသည့် ဟူသီသူပုန်များက အပြစ်ပုံချသည်။

Al-Massira ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်ပြန်ရာတွင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်များ ကျူးလွန်ခဲ့သည့် လေကြောင်းစီးနင်းတိုက်ခိုက်မှုများ ဖြစ်သည်ဟု ဟူသီသူပုန်များက အခိုင်အမာဖော်ပြသည်။ ဆော်ဒီညွန့်ပေါင်းတပ်ဖက်မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကမှ ထင်မြင်ချက် ပြောကြားလာခြင်း မရှိသေးပေ။

လူ့အခွင့်အရေးအုပ်စုများကလည်း ညွန့်ပေါင်းတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးနေရခြင်းနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ဝေဖန်အပြစ်ဆိုလျက် ရှိနေသည်။ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်များသည် ၂၀၁၅ မတ်လကစကာ ယီမင်၌ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအား ကျောထောက်နောက်ခံပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ ဆင်နွှဲလာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစပြီး တိုက်ပွဲများအတွင်း သေဆုံးသူ ထောင်ပေါင်းများစွာရှိကာ အများစုက အရပ်သားများ ဖြစ်သည်။

အရပ်သားများ သေဆုံးနေခြင်းများကြောင့် ဆော်ဒီအာရေဗျထံသို့ ဗုံးနှင့် အခြားခက်နက်များ ပေးပို့နေမှုအား ရပ်တန့်ရန် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့အား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့က တိုက်တွန်းလျက် ရှိနေသည်။

သြဂုတ် ၂၃ ရက်က မြို့တော် ဆာနား မြောက်ပိုင်းမြို့စွန်သို့ လေကြောင်းစီနင်းတိုက်ခိုက်မှုများတွင် သေဆုံးသူ အနည်းဆုံး ၃၅ ဦးရှိကာ အပျက်အစီးများအောက်က အလောင်းများကို ကယ်ဆယ်ရေးသမားများ ဆွဲထုတ်နေဆဲဖြစ်ကြောင်း ယီမင်ကြက်ခြေနီအသင်း ဆာနားရုံး အကြီးအကဲ ဟူစိန်တာဝီလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly