အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုးနှင့်တွေ့ဆုံခြင်း အပိုင်း(၁)

အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုးနှင့်တွေ့ဆုံခြင်း အပိုင်း(၁)

မဇ္စျိမ-ဆရာကြီးခင်ဗျာ ပထမဆုံး မေးခွန်းအနေနဲ့ အရိုး၊ အကြော၊ အဆစ်က တစ်ခုခုဖြစ်တယ်ပေါ့နော်။ အရိုးပဲ ဖြစ်ဖြစ် အကြောပဲဖြစ်ဖြစ် ကျန်းမာရေးအရ ထိခိုက်တယ်ဆိုတာ ဘယ်လိုအခြေနေမျိုးမှာ ထိခိုက်တာလဲ ခင်ဗျ။

Prof: Chit Soe- အရိုး၊ အကြော၊ အဆစ် ဆိုတာက ကျယ်ပြန့်တာပေါ့နော်။ ကျယ်ပြန့်တယ်ဆိုပေမယ့် ဆရာတို့ ဌာနက အရိုး၊ အကြော၊ အဆစ် ရောဂါတွေကို ကုသပေးတယ်ဆိုတော့ အလွယ်မှတ်မိအောင် ပြောရမယ်ဆိုရင်တော့ သွားလာလှုပ်ရှားတဲ့နေရာမှာ နည်းနည်း အခက်အခဲ ဖြစ်လာတယ်ပေါ့။ အဲတော့ လမ်းလျှောက်ရင် ခြေထောက်က နာမယ်။ ဒူးနာတယ်။ တံခါးဖွင့်ရင်လည်း လက်ကလေးတွေက ကောင်းကောင်း ကိုင်မရဘူး။ သွားလာလှုပ်ရှားမှုနဲ့ ဆိုင်တဲ့စနစ်တွေပေါ့။ အကြမ်းအားဖြင့်တော့ သူက အရိုးနဲ့ အဆစ်ပဲ ဆိုပေမယ့် တကယ်တမ်းက အကြောကို ဘယ်လိုဖြစ်တာလဲဆိုတော့ အရိုးအဆစ်ကို လှုပ်ရှားနိုင်အောင် သူ့ကို သွေးကြောထဲက အာဟာရ ပို့ပေးရတယ်။ နောက် ကြွက်သားတွေ အရွတ်တွေ အကြောတွေက ထိန်းတော့မှ အရိုး၊ အဆစ်တွေက လုပ်ကိုင်နိုင်မှာပေါ့။ အဲ့တော့ အကြောဆိုတဲ့ အထဲမှာ ကြွက်သားတို့ အရွတ်တို့ သွေးကြောတို့ ဒါတွေလည်း ပါတာပေါ့။ အဲတော့ ဒီဟာတွေ ထိတဲ့အခါကြတော့ သူက ကိုက်တယ်ခဲတယ်နဲ့ လာတာ ရှိတယ်။ တစ်ခါတလေကျတော့လည်း ဘာမှ အရိုး၊ အကြော၊ အဆစ် ကို မထိခိုက်ဘဲနဲ့ လူက ဖျားနေတယ်တို့ နုန်းနေတယ်တို့ ရှိတယ်။ အဆစ်ထဲမှာ ပိုးဝင်တယ်ဆိုရင် အဆစ်ကတော့ နာတာပေါ့။ ဒါပေမယ့် ကြွက်သားတွေ ဘာတွေ ယောင်တာကြတော့ သိပ်မနာဘဲနဲ့ ဖျားတာမျိုးလည်း ရှိတယ်။ သွေးကြောတွေ ယောင်တာမျိုးဆိုရင် သူက အရိုး၊ အကြော၊ အဆစ် ဆိုရင် ဒူးတို့ တတောင်ဆစ်တို့ လက်တို့အပြင် ခေါင်းကိုက်တယ်ဆိုရင် အရိုး၊ အကြော၊ အဆစ်လို့ သိပ်မထင်ဘူး။ ခေါင်းကိုက်တယ်ဆိုတာက ခေါင်းမှာ သွားတဲ့ သွေးကြောတွေ ယောင်လို့ ခေါင်းကိုက်တာပေါ့နော်။ တစ်ခါတလေကျရင် မျက်လုံးကန်းသွားပြီးလည်းလာတတ်တယ်။ မျက်လုံးကို သွားတဲ့ သွေးကြောက ပိတ်သွားတာပေါ့နော်။ အဲ့တော့ အရိုး၊ အကြော၊ အဆစ် ဆိုတာက အမှတ်တမဲ့ကြည့်ရင် သူက အရိုးခွဲစိပ်ဌာနဆိုတာ ရှိသေးတယ်။ ကားတိုက်လို့ကျိုးရင် ကုတာတို့ နောက် ဒူးနာလို့ ရှိရင် ဒူးအသစ်လဲပေးတယ်။ အဲလို အရိုးနဲ့ ခပ်ဆင်ဆင်တော့ ဖြစ်တာပေါ့။ ဟိုဘက်အပိုင်းကြတော့ ခွဲစိပ်ကုသတဲ့ အပိုင်း ဆရာတို့ ဌာနကကျတော့ အရိုး၊ အကြော၊ အဆစ် တွေ ထိတဲ့ ရောဂါတွေကို ဆေးပညာနဲ့ ကုတဲ့အပိုင်းပေါ့။

မဇ္စျိမ-ဟုတ်ကဲ့ဆရာ ဒါဆိုရင် အရိုး၊ အကြော၊ အဆစ်တွေ တစ်ခုခုပေါ့နော် ကိုင်တာမမြဲဘူးဆိုတာ အကြောနဲ့ ပတ်သက်တာပေါ့နော်။ လှဲတယ် နာတယ်ဆိုရင် အရိုးနဲ့ ပတ်သက်တာလို့ ပြောလို့ရတယ်။ သူက အသက်အရွယ်ပေါ်မှာရော မူတည်လား။ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ရော ဖြစ်တတ်လား။

Prof: Chit Soe - ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတောင် ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက စာအုပ်ထုတ်ထားသေးတယ်။ အရွယ်သုံးပါး အရိုး၊ အကြော၊ အဆစ်ရောဂါများဆိုပြီးတော့ပေါ့နော်။ အဲ့တော့ ဒီ အရိုး၊ အကြော၊ အဆစ် ရောဂါပေါင်းကလည်း သူက ၃၀၀ ပါနီးရှိတဲ့အခါကျတော့ တစ်ချို့အရိုး၊ အကြော၊ အဆစ် ရောဂါတွေက မွေးကတည်းက ပါလာတာ ရှိတယ်။ တစ်ချို့ အရိုး၊ အကြော၊ အဆစ် ရောဂါတွေက မြီးကောင်ပေါက်လောက် အရွယ်မှာ ဖြစ်တယ်။ တစ်ချို့တွေက အိမ်ထောင်သားမွေးပြုတဲ့အရွယ်မှာ ဖြစ်တယ်။ တစ်ချို့တွေကျတော့ အသက်ကြီးတဲ့သူတွေ ဖြစ်တယ်ပေါ့။ အဲ့တော့ သူက အရွယ်သုံးပါးလုံးမှာ ဖြစ်နိုင်တယ်ပေါ့နော်။ ဒါပေမယ့် ရောဂါကတော့ တစ်ခုနဲ့ တစ်ခု မတူဘူးပေါ့။ ငယ်တဲ့အရွယ်မှာ ဖြစ်တဲ့ရောဂါက တစ်မျိုး၊ ကြီးတဲ့အရွယ်မှာ ဖြစ်တဲ့ရောဂါက တစ်မျိုး ပေါ့နော်။

မဇ္စျိမ -  ဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုးပေါ့နော်။ ခုနက ပြောတဲ့ လက်မလေး မသန်ဘူး ကိုင်တာ မမြဲဘူးဆိုရင် ငယ်ငယ်တုန်းက အလေ့အကျင့် မလုပ်ခဲ့လို့လား။ ဒါမှ မဟုတ်ရင် သူက ဘယ်လို ဖြစ်တာလဲ ဆရာ။ တစ်ချို့တွေ ကလေးတွေဆိုရင် စာရေးတာ ကောင်းကောင်း မရေးနိုင်ဘူးပေါ့နော်။

Prof: Chit Soe - စာရေးရင် ကောင်းကောင်း မရေးနိုင်ဘူးဆိုတာက လေ့ကျင့်ပေးလို့ ရှိရင်တော့ ရတာပေါ့လေ။ ဒါပေမယ့် လေ့ကျင့်ပေးလို့ မရအောင် ကြွက်သားတွေ အားနည်းနေတယ်ဆိုရင်လည်း ကြွက်သားတွေက တစ်ချို့တွေက ဗီဇက ပါလာတာပေါ့နော်။ ကြွက်သားတွေ အားနည်းတဲ့ ရောဂါ ဖြစ်တယ်။ မွေးတုန်းက မသိမသာ လမ်းလျှောက်နိုင်တယ်။ ဒါပေမယ့် အသက် ၂၀ လောက်မှ ခြေသလုံးတွေက သိမ်သွားပြီး လမ်းလျှောက်လို့ မရတော့ဘူး။ ကုလားထိုင်ပေါ်မှာပဲ ရောက်သွားတာ ရှိတယ်။ ရောဂါကတော့ မွေးရာပါ ရောဂါပဲ။ ဗီဇကြောင့် ဖြစ်တာပဲ။ ဒါပေမယ့် ရောဂါက မွေးမွေးချင်းမှာ ရောဂါ မဖြစ်ဘဲနဲ့ အရွယ်ရောက်မှ ဖြစ်တာမျိုးလည်း ရှိတယ်။ မွေးကတည်းက စပြီးတော့ မသန်ဘဲနဲ့ ဖြစ်တဲ့ရောဂါလည်း ရှိတယ်။ ဒါလည်း အကြော ရောဂါထဲ ပါတာပေါ့။

မဇ္စျိမ -  ကျွန်တော်တို့ကတော့ ဆေးပညာနဲ့ ပတ်သက်ပြီးတော့ မသိဘူးပေါ့နော်။ မသိတော့ ဒီ ချိနဲ့တာကျတော့ ဘယ်ထဲမှာပါလဲ။ ဘာကြောင့် သူက ချိနဲ့တာလဲ။

Prof: Chit Soe -ချိနဲ့တာလည်း သူက သုံးပိုင်းရှိတာပေါ့လေ။ အရိုး၊ အကြော၊ အဆစ် ဆိုတဲ့ အထဲမှာက သွေးကြောနဲ့ ကြွက်သားကို ဆရာတို့ အရိုး၊ အကြော၊ အဆစ်ထဲမှာ ထားပေမယ့် နောက်တစ်မျိုးရှိသေးတယ်။ ဒီ အကြော အဆစ် တို့ထဲမှာ ဒီ အာရုံကြောပေါ့နော်။ အာရုံကြောဆိုတာက ဦးနှောက်အာရုံကြော ရောဂါပေါ့။ ဒီ ဦးနှောက် အာရုံကြော မကောင်းရင်လည်း သူက ချိနဲ့ သွားတယ်။ အဲ့တော့ ကြွက်သားတွေ ချိနဲ့တဲ့ ပြောင်းပြန်က သန်တာပေါ့။ သန်တာ ဘာလို့လဲဆိုရင် သူ့ကို အသုံးများရင် ကြွက်သားတွေက ကြီးလာတာပေါ့လေ။ အသုံးနည်းလို့ရှိရင် တစ်ဖြေးဖြေး သိမ်သွားတာပေါ့လေ။ အဲ့တာကြောင့် လေဖြတ်တဲ့သူတွေကိုဆိုရင် အိပ်ယာထဲ လှဲနေရင် သူရဲ့ မသုံးတဲ့လက်ကလေးက သိမ်သွားတယ်။ ခြေထောက်ကလေးကလည်း သေးသွားတယ်။ မသုံးရင် သိမ်သွားတာပေါ့နော်။ အဲ့တော့ ကြွက်သားတွေ ချိနဲ့တဲ့အကြောင်းက အဆစ်တွေက နာလို့ လမ်းမလျှောက်ဘူးဆိုရင် ကြွက်သားတွေက မသုံးဘူးဆိုရင် သေးသွားတာပဲ။ အဲ့လို မဟုတ်ဘဲနဲ့ လေဖြတ်သွားလို့ သူကို ထိန်းတဲ့ အာရုံကြောက အလုပ် မလုပ်လို့ အဲ့ဒီဘက်တစ်ခြမ်းက မလှုပ်တော့ဘူးဆိုရင်လည်း သူက သေးသွားတာပဲ။ အဲလို မဟုတ်ဘဲနဲ့ ကြွက်သားကိုက ယောင်တယ်။ ပျက်စီးသွားတယ်ဆိုရင်လည်း ကြွက်သားက သေးသွားတယ်။ အဲတော့ဒီ ချိနဲ့သွားတဲ့ အကြောင်းအရင်းက ကြွက်သားမကောင်းလို့လဲ ဖြစ်နိုင်တယ်။ သူ့ကို ထိန်းတဲ့ ဦးနှောက်က ပျက်သွားလို့လဲ ဖြစ်နိုင်တယ်။ သုံးပိုင်းရှိတဲ့ အထဲမှာ ဆရာတို့ကတော့ အရိုးမကောင်းတာနဲ့ ကြွက်သားမကောင်းတာကို ကုပေးတယ်။ ဦးနှောက်က ထိန်းတာ ပျက်သွားတာကတော့ ဦးနှောက် အာရုံကြော ရောဂါ ဌာနက ကုပေးတာပေါ့နော်။

မဇ္စျိမ - ဆရာကြီး ပြောသွားတဲ့ အထဲမှာ လေဖြတ်တာပေ့ါနော်။ သူက သုံးခုစလုံးနဲ့ တစ်ခုခုက ချို့ယွင်းတာပေါ့နော်။

Prof:Chit Soe - လေဖြတ်တယ်ဆိုတာက ဦးနှောက်ကကို ဖြစ်တာကို လေဖြတ်တာလို့ ခေါ်တာပေ့ါနော်။ လေဖြတ်တော့ တစ်ခြမ်းမလှုပ်တော့ဘူးဆိုရင် ဦးနှောက်က ပျက်စီးသွားတယ်။ ဒီဦးနှောက်ကနေ တစ်ကိုယ်လုံးကို ထိန်းထားတော့ ဘာနဲ့တူသလဲဆိုရင် အိမ်မှာ မီးပျက်လို့ ရှိရင် မီးလုံးကျွမ်းရင်လည်း မီးမလာဘူး။ ဒါမှ မဟုတ်ရင် လမ်းထိပ်က မီတာဘောက်က ဖျုးစ်ပြတ်သွားရင်လည်း မီးက မလာဘူး။ ဒါမှ မဟုတ်ရင် တိုင်းရုံးက မီးပြတ်သွားရင်လည်း မီးက မလာဘူးပေါ့နော်။ ဒီ ခြေထောက်မလှုပ်ဘူးဆိုတာက လေဖြတ်တာက ဦးနှောက်ကနေ ခြေထောက်ကို ထိန်းထားတာ။ ဒီ ဦးနှောက်ထဲမှာ ပျက်သွားရင်လည်း ခြေထောက် မလှုပ်တော့ဘူး။ အဲဒါကျတော့ ဦးနှောက် အာရုံကြောနဲ့ ဆိုင်တာပေါ့နော်။ ဒါပေမယ့် အခုနကလို ကိုယ်ဒေသမှာ ရှိတဲ့ ကြွက်သားတွေ မကောင်းတာတို့ အရိုးတွေ မကောင်းတာတို့ကျတော့ အဲဒါမျိုးတွေကျတော့ ဆရာတို့က ကုပေးတယ်။

မဇ္စျိမ -  ဆရာကြီးခင်ဗျ။ တစ်ချို့တွေဆို လေဖြန်းတာပါပဲ။ တစ်ခြမ်းဆိုရင် လုံးဝ လှုပ်လို့ မရတော့ဘူးပေါ့နော်။ တစ်ချို့တွေကြတော့ နည်းနည်း လှုပ်လို့ရသေးတယ်။ ဥပမာ လမ်းလျှောက်လို့ ရတယ်။ သွားလို့ ရသေးတယ်။ အဲဒါကြတော့ရော။

Prof:Chit Soe အဲဒါလည်း လေဖြန်းတဲ့ ပြင်းအားပေါ် မူတည်တာပေါ့နော်။ တစ်ကိုယ်လုံးကို ထိန်းထားတဲ့ အခါမှာ သူက ဦးနှောက်မှာကျတော့ အကျယ်ကြီးကနေ ထိန်းထားတယ်။ သူကနေ နည်းနည်းဆင်းလာရင် ဦးနှောက်အရင်း ရောက်တဲ့ အခါကျတော့ နေရာ နည်းနည်းလေးက ကြိုးက ဖြတ်သွားတယ်။ ဖြတ်သွားပြီးတော့မှ ဒီ လမ်းဆုံနဲ့ တူတာပေါ့နော်။ ပြီးတော့ မှ ခြေထောက်ကို ရောက်သွားတဲ့ အခါမှာ ဒီ နေရာ အကျယ်ကြီးထဲမှာ သွေးကလေး ဖြစ်တယ်ဆိုရင် သူထိခိုက်တဲ့ ပမာဏက နည်းတာပေါ့။ ကျန်တဲ့ ကောင်းတဲ့နေရာတွေက ကျန်နေသေးတယ်။ အဲဆို သူက လမ်းတော့လျှောက်နိုင်တယ်။ နည်းနည်း အားနည်းသွားတယ်။ ဒီ သွေးကလေး သွားဆုံနေတာက အကုန်လုံး ဆုံနေတဲ့ ဆုံချက်မှာ ဖြစ်လိုက်တဲ့အတွက် ဦးနှောက် အရင်းပိုင်းမှာ ဖြစ်လိုက်လို့ ရှိရင် သူက တစ်ခြမ်းလုံးကို ထိသွားတဲ့ အခါ သူက လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး ဖြစ်သွားတယ်။ ဦးနှောက်ပျက်တာပဲ ဘယ်နေရာမှာ ပျက်တာလဲပေါ် မူတည်ပြီးတော့ လမ်းလျှောက်နိုင်မလား။ လုံးလုံး အိပ်ယာပေါ် လဲသွားမလားဆိုတဲ့ အပေါ် မူတည်တာပေါ့နော်။ နောက်ပြီးတော့မှ သူက ပြန်ကောင်းလာတဲ့ အခါကျတော့လည်း ပြန်လျှောက်နိုင်တာ ရှိတယ်။

မဇ္စျိမ -  အဲ့တာကိုကော ကုသလို့ ရပါသလား ဆရာကြီး ခင်ဗျ။

Prof:Chit Soe - လေဖြတ်တာလည်း ကုလို့ ရပါတယ်။ ကုလို့ရတယ်ဆိုတာကလည်း ဆေးဝါးလည်း ပါတာပေါ့လေ။ ဒါပေမယ့် လေ့ကျင့်ခန်းက ပိုပြီးတော့ အရေးပါတယ်။ ဥပမာ လူတစ်ယောက်က စန္ဒယား မတီးတတ်ဘူးဆိုပါတော့ မွေးကတည်းက ဘယ်သူမှ မတီးတတ်ဘူးလေ။ သင်လိုက်ရင်တော့ စန္ဒယား တီးတတ်လာမယ်။ တီးတတ်သွားတာ ဘာလဲဆိုတော့ လက်ကို မြန်မြန်ဆန်ဆန် ထိန်းနိုင်အောင် ဦးနှောက်ကနေ သင်ကြားသွားတာပေါ့။ သင်ကြားသွားတဲ့ အခါမှာ နောက်ပိုင်း တတ်သွားတယ်။အဲလိုပဲ လေဖြတ်သွားတယ် ဆိုတော့ နဂို သူ့ကို လမ်းလျှောက်ဖို့ သင်ထားတဲ့ အပိုင်းက ပျက်သွားတာပေါ့။ ပျက်သွားတဲ့ အပိုင်းကတော့ ဦးနှောက်က ပြန်ကောင်းလေ့ မရှိဘူး။ ဒါပေမယ့် ပြန်လျှောက်နိုင်တယ်ဆိုတာ ဘာကို မူတည်လည်း ဆိုတော့ ပြန်ပြီးတော့ လေ့ကျင့် ပေးရမယ်။ လမ်းကို လက်ကို လှုပ်ပေးရမယ်။ ခြေထောက်ကို လှုပ်ပေးရမယ်ဆိုလို့ ရှိရင် သူက ဦးနှောက်မှာ လက်လှုပ်ဖို့ ခြေထောက်လှုပ်ဖို့ကို ကျန်တဲ့အပိုင်းတွေက ကျန်သေးတယ်။ လူတစ်ယောက်မှာ ဦးနှောက်ဆဲလ်တွေက ဆယ်သန်းလောက် ရှိတယ်ဆိုရင် လေဖြတ်သွားတယ်ဆိုရင် သူက တစ်သောင်း နှစ်သောင်းပဲ သေသွားတာပေါ့။ ကျန်တဲ့ သန်းပေါင်းများစွာ ကျန်သေးတယ်။ ဒါပေမယ့် လူတွေက ကျန်တဲ့ သန်းပေါင်းများစွာကို မသုံးဘူး။ ပုံမှန်သုံးတဲ့ တစ်သောင်း နှစ်သောင်း ပျက်သွားတာ ငြိမ်နေလိုက်ရင်လည်း လူက ချိနဲ့သွားတာပေါ့။ ဒါပေမယ့် သူက ကြိုးစားပြီးတော့ အားထုတ်မယ်ဆိုရင် ပုံမှန်အားဖြင့် ငြိမ်နေတဲ့ ဆဲလ်တွေက ပြန်ပြီးတော့ အလုပ် လုပ်လာတယ်။ သူတို့ကို သင်ကြားပေးလိုက်တာပေါ့။ သူတို့က တာဝန်ယူပြီး ထိန်းပေးလိုက်တာပေါ့။ လူတစ်ယောက် အလုပ်ထွက်သွားတဲ့ အခါကျတော့ တစ်ချို့လည်း လုပ်ငန်းပျက်သွားတယ်။ တစ်ချို့လည်း ဘေးလူက ကူပြီး လုပ်နိုင်ရင် လုပ်ငန်းက လည်ပတ်သွားတယ်ပေါ့နော်။ ဒီသဘောပဲပေါ့။ အဲတော့ ဒီလူက ဘယ်လောက် အားထုတ်ပြီးတော့ လေ့ကျင့်ခန်း လုပ်သလဲပေါ်မှာ မူတည်တာပေါ့။

မဇ္စျိမ -ပထမဆုံး ရဲမင်းဆိုတဲ့ တစ်ယောက်ကို မေးခွင့် ပြုလိုက်ပါတယ်။ ဆရာခင်ဗျာတဲ့ ကျွန်တော် လည်ပင်းအရိုးကျီးပေါင်းဖြစ်လို့ ကုနေတာ ဆရာဝန်တွေလည်း များပါပြီ။ သောက်ဆေးနဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေမယ့် မသက်သာသေးပါ။ ဘယ် ကုထုံးက အထိအရောက်ဆုံး ဖြစ်ပါသလဲတဲ့။ နေထိုင်စားသောက်မှုကို ဘယ်လို ပြုမှုရမလဲဆိုတာကို ဖြေပေးစေလိုပါတယ်။

Prof:Chit Soe - လည်ပင်းကျီးပေါင်းကလည်း အဖြစ်လည်း များတယ်။ ကုရင်လည်း ပျောက်တဲ့သူတွေ ရှိသလို မပျောက်တဲ့သူတွေလည်း များလို့ ဆေးခန်းကြော်ငြာတွေ များသလို ဆေးတွေလည်း ပေါ်လာတာပေါ့နော်။ ဆေးတွေ အများကြီး ပေါ်တယ်ဆိုကတည်းက ဘယ်ဆေးမှ မပျောက်လို့ အများကြီး ပေါ်လာတာ။ ပျောက်လို့ ရှိရင်တော့ ဆေးက သိပ်ကြော်ငြာစရာ မလိုဘူး ကောင်းသွားတာပဲလေ။ လည်ပင်ကျီးပေါင်းဆိုတာကလည်း အမှန်တော့ သဘာဝတရားက သူ့ကို လွန်ဆန်လို့ ဒဏ်ခတ်တဲ့ ရောဂါပေါ့လေ။ သတ္တဝါဆိုတာက မြေကြီးနဲ့ ကပ်ပြီးတော့ လေးဖက်သွားရတဲ့ သူတွေပေါ့။ တဖြေးဖြေးနဲ့ ဆင့်ကဲဖြစ်စဉ် ဖြစ်လာပြီးတော့ လူက အဲဒါကို ဆန့်ကျင့်ပြီးတော့ မတ်တပ်ရပ်ကြတယ်ပေါ့။ မတ်တပ်ရပ်လိုက်တော့ တကယ်တမ်းကျ အစာက မြေကြီးနား ကပ်ပြီးတော့ ဒီအတိုင်းစားရင် လည်ပင်းက သိပ်လှုပ်စရာ မလိုဘူး။ မတ်တန့်ရပ်နေတဲ့ အခါကျတော့ သူက ခေါင်းက ငုံရမယ်။ အိပ်လို့ ရှိရင်လည်း ပြန်အိပ်ရမယ်။ အပေါ် မော့ကြည့်သလို ဖြစ်လာတာပေါ့။ အဲ့တော့ လည်ပင်းလှုပ်ရှားမှုက ကျန်တဲ့သတ္တဝါထက် စာရင် များတာပေါ့လေ။ ငှက်တို့ ဘာတို့ဆိုရင် လည်ပင်းက သိပ်လှုပ်စရာ မလိုဘူး။ လူကတော့ အပေါ်လည်း ကြည့်တယ်။ အောက်လည်း ကြည့်တယ်။ ဘေးလည်း ကြည့်တယ်။ လည်ပင်းက အကုန်လုံး ကြည့်တော့ လှုပ်ရှားမှုက အရမ်းများတယ်။ အရမ်းများတော့ ဒီ အရိုးတွေရဲ့ ပွန်းဆမှုက ဒီပြင်သတ္တဝါထက်စာရင် ပိုများတာပေါ့လေ။ အဲ့တော့ လူမှာ လည်ပင်းကျီးပေါင်း ရောဂါဆိုတာ ဖြစ်လာတာပေါ့။များသောအားဖြင့် တိရိစ္ဆာန်တွေဆိုရင်လည်း အစာလောက်ပဲ ကြည့်တယ်။ ကြည့်ပြီး အိပ်တယ်။ ဒါပဲ။ လူက ဟန်းဖုန်းက ကြည့်တယ်ဆိုရင် ခေါင်းက ပုံစံက ပုံမှန် မဟုတ်တော့ဘူး။ လည်ပင်းပေါ်မှာ ခေါင်းက တည့်တည့်မနေဘဲနဲ့  ခေါင်းက ရှေ့စိုက်နေတာ ရှိတယ်။ တစ်ခါတလေ ဇိမ်ခံပြီးတော့ ပက်လက်ကုလားထိုင်မှာ နောက်လှန်ပြီးတော့ နေတာလဲ ရှိတယ်။ လူတွေက ဇိမ်ခံပြီးတော့ နေတော့ သဘာဝ မကျတဲ့ ပုံစံနဲ့ လည်ပင်းနဲ့ ခေါင်းက ချိုးချိုးပြီးတော့ ထားတော့ ပွန်းဆပြီးတော့ ဖြစ်တာပေါ့နော်။ သဘာဝတရားရဲ့ ဒဏ်ခတ်မှုကိုက ဆေးနဲ့ကုဖို့ သိပ်မလွယ်ဘူး။ အဲဒါ သဘာဝနဲ့ ညီအောင် ပြန်နေရတာပေါ့။ အဲတော့ ခေါင်းကို လည်ပင်းပေါ်မှာ တည့်တည့်ပဲ နေရမယ်။ ရှေ့လည်း မစောင်းရဘူး။ နောက်လည်း မစောင်းရဘူး။ သိပ်လည်း မလှည့်ရဘူးပေါ့နော်။ အဲလို နေဖို့ဆို ဆရာတို့က လေ့ကျင့်ခန်း လုပ်ပေါ့။ ဘယ်လို လေ့ကျင့်ခန်းမျိုးလည်း ဆိုတော့ မယ်သီလရှင် ဆွမ်းခံတဲ့  ပုံစံမျိုး လုပ်ရတယ်။ ဗန်းလေးကို ခေါင်းပေါ် တင်ထား။  နည်းနည်းစောင်းလိုက်ရင် ဗန်းလေးက လိမ့်ကျသွားရော။ ဗန်းမရှိရင်လည်း စာအုပ်ပေါ့နော်။ တီဗီကြည့်လို့ ရှိရင် ကိုယ်က နိမ့်နေပြီး တီဗီက မြင့်နေရင် မော့ကြည့်နေရတယ်။ မော့ကြည့်နေတာ  ကိုယ်က မသိပေမယ့် ဇက်က နောက်ကို ဆွဲတယ်ဆိုရင် လည်ပင်းကြွက်သားက နောက်ကို ပြန်ဆွဲနေရတာပေါ့။ တစ်ခါတလေကျတော့ ဒီအောက်ကိုကြည့်တယ်။ လက်တော့ပ်ကြည့်တယ်ဆိုရင် လက်တော့ပ်ကလည်း လူကို ဒုက္ခပေးတဲ့ အထဲမှာ အများကြီး ပါတယ်။ Desktop  ဆိုရင် တည့်တည့်ထားရင် လို့ ရတယ်။ လက်တော့ပ်က အောက်က ဒေါက် မပါတော့ အောက်ကို ငုံရတယ်။ ငုံပြီဆိုရင် ဆွဲငင်အားက ရှေ့ကို ကျနေတယ်။ အဲ့ချိန်မှာ လည်ပင်းက အရိုးတွေက စားသွားပြီ ထောက်နေတယ်။ အဲတော့ တည့်တည့်ထားရမှာပေါ့နော်။ အဲ့တော့ တီဗီကြည့်ရင်လည်း ခေါင်းပေါ်မှာ စာအုပ်လေး တင်ထား တည့်တည့်ကြည့် ခေါင်းပေါ်က စာအုပ်ကျသွားပြီဆိုရင် တီဗီနဲ့ ကိုယ်မျက်စီနဲ့ မတည့်လို့ပဲ။ တီဗီကို နည်းနည်း မြှင့်ရင်မြှင့် ခုံကို ပြင်ရင်ပြင်ပေါ့နော်။ စာဖတ်လို့ ရှိရင်လည်း စာအုပ်ကို လက်က ကိုင်ထားပြီးတော့ အောက်က ခံထားပြီးတော့ တည့်တည့်လေး ထားရမှာပေါ့နော်။ အဲတော့ တတ်နိုင်သလောက် တည့်တည့်ထား။ တယ်လီဖုန်းပြောလည်း ခေါင်းကို တည့်တည့်ထား။ အဲလို ထားလို့ ရှိရင် လည်ပင်ကျီးပေါင်းက သက်သာသွားတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်ပြီးသွားတဲ့ အခါကျတော့ မသက်သာတော့ဘူး ဖြစ်နေတဲ့ ဟာက အခုနက ပြောတဲ့ အနေအထိုင်နဲ့ပဲ ရမှာလား ဒါမှ မဟုတ်ရင် ဒီအရိုးတွေက ခွဲကို ခွဲရတော့မှာလားပေါ့။ အဲဒါက ဘာကြည့်တာလဲဆိုတော့ အခု ဓာတ်မှန်ရိုက်ကြည့်ရတာပေါ့။ ဒါမှမဟုတ်ရင်လည်း ပိုကောင်းတာက သံလိုက် ဓာတ်မှန်လို့ ခေါ်တယ်။ သံလိုက်ဓာတ်မှန်နဲ့ ရိုက်ကြည့်လိုက်ရင်တော့ ဒီအရိုးလေးတွေက သူက လည်ပင်းထဲမှာ ပြွန်ချောင်းလေး ရှိတယ်။ အခုနက လိုပေါ့ ဦးနှောက်ကလာတဲ့ ကြိုးလေးဟာ ဒီပြွန်ချောင်းလေးက ဖြတ်ပြီး ခြေထောက်တို့ လက်တို့ကို သွားတာ ဘာနဲ့တူလဲဆိုတော့ အရိုးတွေက ပွန်းဆတဲ့ အခါမှာ သူက ပြန််ပြီးတော့ ပြင်တယ်။ ဒီနေ့တောင် သတင်းစာထဲ ပါသေးတယ်။ ဗိုလ်ချုပ်ပြောတဲ့ လမ်းမကြီးဆိုတာ အပေါက်တွေကလည်း ဖြစ်တယ်။ လမ်းကြေးတွေကလည်း ယူတယ်။ ပြင်တဲ့အခါကြတော့ ကမ္ဘာပေါ်မှာ မရှိတဲ့ ကတ္တရာကို ဒင်နဲ့စောင့်တဲ့ နည်းနဲ့ ပြင်တယ်။ အဲ့တော့ ဖုထစ်နေတာပေါ့။ ဖုထစ်နေတဲ့ အခါကြတော့ ကားသွားရင် ခုန်တာပေါ့နော်။ အဲလိုပဲ လည်ပင်းထဲမှာ သူက ပွန်းသွားလို့ ရှိရင် ပြန်ပြင်တာပေါ့။ ပြန်ပြင်လို့ ရှိရင် လည်ပင်ရိုးက နဂိုလို ချောချောမွေ့မွေ့ မရှိတော့ဘူး။ ပြင်တဲ့နေရာမှာ ဖုတွေ ထစ်တွေ ဖြစ်သွားတယ်။ အဲ့လို ဖုတွေ ထစ်တွေ ထွက်တာကို အရိုးအတက်ထွက်တာလို့ ခေါ်တယ်။ အဲတော့ အရိုးအတက်ကနေမှ အခုနက ကြိုးကို လာထောက်ရင် ဘာနဲ့ တူသလဲဆိုတော့ ဓာတ်ကြိုးတွေ ပြေးနေတဲ့အခါ သစ်ပင်လေးတွေ စည်ပင်က သေချာမရှင်းဘူးပေါ့။ မရှင်းလို့ ရှိရင် လေတိုက်တဲ့အခါ သစ်ပင်က လှုပ်၊ မီးက ပြတ်ပေါ့နော်။ အဲတော့ ဒီ ထောက်နေတဲ့ အခါမှာ ဓာတ်ကြိုးရဲ့ သွားလာမှုက မကောင်းတော့ ဘူး။ ဦးနှောက်က Imformation က ဒီ ခြေထောက်ကို သွားဖို့အတွက် ဒီ အရိုးကျဉ်းကျဉ်းလေးထဲက ဖြတ်သွားရတယ်။ အဲမှာ ဖားထေးရာတွေ ကြမ်းတမ်းနေတော့ ဖုထစ်နေတဲ့ အခါကျတော့ Imformation က အောက်ကို မရောက်တော့ဘူး။ အဲ့ဒီအခါမှာ ထုံတယ်တို့၊ ကျဉ်တယ်တို့၊ နာတယ်တို့ ဖြစ်လာတယ်။ အဲတော့ ဒီ အရိုးအတက်တွေ ထွက်နေတာက အခုနကလို တည့်တည့်လေး ပြန်နေလိုက်ရင် အရိုးအတက်က တစ်ဖြေးဖြေးနဲ့ သဘာဝတရားအရ ပြန်ကောင်းသွားတယ်။ ဒါပေမယ့် သိပ်ပြီးတော့ အရိုးအတက်က ကြီးနေပြီး တစ်ဝက်ကျော်ကျော် ထွက်နေပြီ ဆိုရင်တော့ ဒီ အာရုံကြောက ဒီထဲမှာ မလှုပ်သာ ဖြစ်နေပြီ။ အဲဒါမျိုးကြတော့ ဒီ အရိုးအတက်လေးကို ခွဲထုတ်မှပဲ လူက ကောင်းသွားတာပေ့ါနော်။ အဲတော့ ကိုယ်က စောစောစီးစီး မဖြစ်ခင်ကတည်း နေထိုင်ဆင်ခြင်ရင်တော့ ခွဲစရာလိုတဲ့ ရောဂါ မဟုတ်ပါဘူး။ ဖြစ်ဖြစ်ခြင်း သိမယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်မယ်။ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလည်း ခွဲစရာမလိုပါဘူး။ ဒါပေမယ့် တော်တော်လေး နှောင်းသွားပြီ။ အတက်တွေက တော်တော်လေး ထူနေပြီ ဖာရာထေးရာတွေလည်း ပွနေပြီ ဆိုရင်တော့ အဲဒါကို ခွဲပြီးတော့ ချောပစ်မှပဲ ရတော့မှာပေါ့နော်။ အဲတော့ အနေထိုင်ကိုတော့ ဆင်ခြင်ကြည့်ပါ။ တစ်နှစ်လောက် လည်ပင်းကို တည့်တည့်နေကြည့် တစ်လ နှစ်လလောက်မှ လည်ပင်းကို တည့်တည့်နေပြီးမှ မထူးခြားဘူးဆိုရင် သံလိုက်ဓာတ်မှန်ရိုက်ကြည့် ရိုက်ကြည့်ရင်တော့ ခွဲမှ ပျောက်မှာလား လေ့ကျင့်ခန်းလုပ်မှ ပျောက်မှာလား ဒါကတော့ အတိအကျ ပြောနိုင်မှာပေါ့။

အရိုး၊ အကြော၊ အဆစ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးချစ်စိုးနှင့် တိုက်ရိုက်မေးမြန်းထားမှုများကို အပိုင်း (၁) အနေဖြင့် ပြန်လည် ထုတ်လွှင့်ပေးခြင်းဖြစ်ပါသည်။ အပိုင်း(၂)၊ (၃)၊ (၄) ကိုလည်း ဆက်လက် ထုတ်လွှင့် ပေးသွားပါမည်။

Mizzima Weekly