အားသာချက်နဲ့ အနိုင်ရအောင်ယူခဲ့တဲ့ အာယူတီရာ

အားသာချက်နဲ့ အနိုင်ရအောင်ယူခဲ့တဲ့ အာယူတီရာ

စင်ကာပူအခြေစိုက် အမေရိကန်ဖိုက်တာ အီမီလီယိုအာယူတီရာနဲ့ ဖိလစ်ပိုင်ဖိုက်တာ အက်ဝက်ဒ်ကယ်လီတို့ရဲ့ ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အာယူတီရာက သူအားသာတဲ့ လူချင်းပူးချုပ်တိုက်ခိုက်မှုနဲ့ ကယ်လီကို အသာစီးရယူသွားခဲ့ပါတယ်။ ကယ်လီကတော့ ၀ူရူးကစားသမားဖြစ်လို့ ခြေအမြင့်ကန်ချက်တွေ၊ လက်သီးထိုးချက်နဲ့ အာယူတီရာကို တိုက်ခိုက်ခဲ့ပါတယ်။

ကယ်လီဟာ နိုင်ပွဲ ၉ ပွဲမှာ ခြောက်ပွဲကို ပထမအချီမှာတင် အလဲထိုးထားသူဖြစ်ပါတယ်။ လက်သီးထို်းချက်တွေ ခြေကန်ချက်တွေကောင်းတဲ့ အပြင် လုံးထွေးသတ်ပုတ်ရင်လည်း ခေသူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာယူတီရာက ကြမ်းပြင်ပေါ် လုံးထွေးသတ်ပုတ်ရာမှာ ကယ်လီထက်ပိုကောင်းသူ ဖြစ်နေပါတယ်။

ဒါကြောင့် ပထမအချီ ၁ မိနစ်နောက်ပိုင်းကတည်းက ကယ်လီဟာ အာယူတီရာရဲ့ အတင်းလုံးကာ ချုပ်ကိုင်မှုကို ခံခဲ့ရပြီး အထိနာခဲ့ပါတယ်။ အာယူတီရာဟာ ကယ်လီကို အပေါ်ကနေ ချုပ်ထားရင်း လက်သီးထိုးချက်တွေ၊ တံတောင်ရိုက်ချက်တွေ အသုံးပြုပါတယ်။ အခွင့်အရေးရင် ဒူးတိုက်ချက်တွေကိုလည်း သုံးပါတယ်။

ကယ်လီဟာ ရုန်းထွက်ဖို့ ကြိုးစားပေမယ့် ရုန်းလို့ မရခဲ့ပါဘူး။ ဒုတိယအချီမှာလည်း ပထမအချီလိုပဲ ကယ်လီ အထိနာခဲ့ပါတယ်။ တတိယအချီ ၂ မိနစ်လောက်အထိ အာယူတီရာက ကြမ်းပြင်ပေါ်ကိုသာ ချုပ်လှဲတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းတော့ လူချင်းခွာကာ လက်သီးချင်းရင်ဆိုင်ခဲ့ပါတယ်။ ခြေကန်ချက်တွေသုံးပါတယ်။ အာယူတီရာရဲ့ ကန်ချက်ကြောင့် ကယ်လီ ဟန်ချက်တစ်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်လဲချိန်မှာ အထိုးခံရပါသေးတယ်။

ဒါပေမဲ့ အာယူတီရာဟာ ပွဲကို မဖြတ်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးအသာရထားတာကြောင့် အာယူတီရာက အနာမခံတော့ပဲ ပွဲချိန်ကုန်တဲ့အထိ ရှောင်ထိုး ထိုးသွားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးတော့ ဒိုင်သုံးဦးလုံးက ပွဲကိုထိန်းချုပ်ထိုးသတ်နိုင်ခဲ့တဲ့ အာယူတီရာကိုပဲ အနိုင်ပေးလိုက်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly