YBS ၂ဝ ပေါ်တွင် ပိုက်ဆံလုယက်တောင်းယူခဲ့မှုအား YRTA သို့ စာတင်မည်

YBS ၂ဝ ပေါ်တွင် ပိုက်ဆံလုယက်တောင်းယူခဲ့မှုအား YRTA သို့ စာတင်မည်

ရန်ကုန်၊ သြဂုတ်လ ၂၃ ။           ။ ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့က တုတ်ကိုင်ဆောင်ထားသည့် လူနှစ်ဦးက YBS ၂ဝ ပေါ်သို့တက်ကာ ပိုက်ဆံလုယက်တောင်းယူခဲ့သည့်ကိစ္စအား လက်ရှိအချိန်တွင် ရဲစခန်း၌ အမှုဖွင့်တိုင်ကြား၍ မရသေးဘဲ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) သို့ စာတင်သွားမည်ဖြစ်ကြောင်း ယင်းကားလိုင်းကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမင်းဟန်ဖြိုးက မဇ္စျိမသို့ ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၁ ရက်နေ့ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးအနီးတွင် တုတ်ကိုင်ထားသော လူ ၂ ယောက်က YBS ၂၀ ပေါ်သို့တက်ကာ ပိုက်ဆံတောင်းယူခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တုတ်ကိုင်ဆောင်ကာ ငွေတောင်းခဲ့သူနှစ်ဦးကို လှိုင်သာယာမြို့နယ်ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ကျူးလွန်သူများကို ဖမ်းမိမှသာ အမှုဖွင့်နိုင်မည်ဖြစ်သည်ဟု စခန်းမှူးက ပြောကြောင်း သိရသည်။

“ ကျွန်တော်တို့က အမှုဖွင့်ချင်နေပါပြီ။ အမှုဖွင့်ဖို့ကို ကျွန်တော်တို့ စောင့်စားနေတာပေါ့။ ဒီဖြစ်စဉ်က ခရီးသွား ပြည်သူတွေရဲ့လုံခြံုရေးကို တိုက်ရိုက်ထိခိုက်နေတဲ့အတွက်   ပြင်းပြင်းထန်ထန် အရေးယူစေချင်ပါတယ်”ဟု YBS ၂၀ ကို ပြေးဆွဲနေသော Omni Focus General Services ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမင်းဟန်ဖြိုးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး YBS ၂၀ ယာဉ်လိုင်းမှ ယာဉ်ပေါ်ရှိ CCTV ကင်မရာမှ မှတ်တမ်းသက်သေများ၊ အချက်အလက်များဖြင့် ယနေ့ သြဂုတ်လ ၂၃ ရက် နေ့တွင် YRTA သို့ စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အခုဆိုရင်လည်း ဒီမူးယစ်ရမ်းကားပြီးတော့ ပိုက်ဆံတောင်းတဲ့ နှစ်ယောက်ကိုလည်း လှိုင်သာယာမြို့ နယ်ရဲ စခန်းမှ စခန်းမှူးကို ကျွန်တော်တို့ ဖမ်းခိုင်းထားပါတယ်။ သူတို့လည်း စုံစမ်းပြီး လိုက်ဖမ်းနေတယ်။ ဒါပေမယ့် လည်း နှောင့်နှေးကြန့်ကြာမှုတွေရှိတာပေါ့လေ။ လက်ရှိချိန်တော့ တရားခံတွေကိုလည်း ဖမ်းမိခြင်းမရှိ သေးပါ ဘူး။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ရဲစခန်းကိုလည်း ပြောထားပါတယ်။ ပြီးတော့လည်း YBS ၂ဝ ဖေ့စ်ဘုတ် ပေ့မှာ အချက်အလက်စာတွေကို ဗီဒီယိုဖိုင်နဲ့ တကွ ပို့စ်တင်ထားတယ်။ သက်ဆိုင်ရာ YRTA ကျွန်တော်တို့အခု မှတ်တမ်းသက်သေတွေနဲ့တကွ ဒီနေ့စာတင်သွားပါမယ်”ဟု ဦးမင်းဟန်ဖြိုးက ပြောသည်။

တုတ်ကိုင်ဆောင်ထားသည့် လူနှစ်ဦးက ယာဉ်ပေါ်တက်လာပြီး ငွေကျပ် ၁ဝဝဝ တောင်းရာ ယာဉ်မောင်းဖြစ်သူ မှာ ငွေမကိုင်သည့်အတွက် ယာဉ်ပေါ်တက်လာသည့် ခရီးသည်များထံမှ ယာဉ်စီးခများတောင်းယူက ဆဲဆိုပြီး ယာဉ်ပေါ်မှ ပြန်ဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YBS ၂ဝ ယာဉ်လိုင်းနှင့် YBS ၅၆ ယာဉ်လိုင်းတို့ကို Omni Focus General Services ကုမ္ပဏီမှ ပြေးဆွဲနေပြီး YBS ၂၀မှာ သိမ်ဖြူ - မင်္ဂလာစျေး - တာမွေ - ရွှေဂုံတိုင် - မြေနီကုန်း - ကြည့်မြင့်တိုင် - ဘုရင်နောင်လမ်း အတိုင်းသွားကာ ဒဂုံဧရာအဝေးပြေးအထိ ပြေးဆွဲနေသော ကားလိုင်းဖြစ်သည်။  

၎င်းကုမ္ပဏီပိုင် YBS ၅၆ တွင် မကြာသေးခင်ကမှ လုံခြံုများ ထားရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags