ဖူကူရှီးမားကပ်ဘေးနောက်ပိုင်း ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို ဆန့်ကျင်ကန့်ကွက်မှုများကြားမှ ဂျပန်ပြန်လည် လည်ပတ်

ဖူကူရှီးမားကပ်ဘေးနောက်ပိုင်း ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို ဆန့်ကျင်ကန့်ကွက်မှုများကြားမှ ဂျပန်ပြန်လည် လည်ပတ်

တိုကျို၊ သြဂုတ် - ၁၁ ။       ။ ၂၀၁၁ခုနှစ် ဖူကူရှီးမားဖြစ်ရပ်နောက်ပိုင်းတွင် လုံခြုံရေးစည်းမျဉ်းသစ်များအရ ဂျပန်နိုင်ငံက ၎င်း၏ ပထမဆုံး နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်လည် လည်ပတ်ခဲ့ပြီဖြစ်သည်။

ငလျင်နှင့်ဆူနာမီကြောင့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံများ ဓာတ်ပေါင်းဖိုများ ဆက်တိုက်အရည်ပျော်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံတစ်ဝန်းလုံးရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ အားလုံး ကို ဖြည်းဖြည်းချင်း ပိတ်သိမ်းပစ်ခဲ့သည်။

သို့ရာတွင် တင်းကျပ်တိကျသော လုံခြုံရေးစမ်းသပ်မှုအသစ်များ လုပ်ဆောင်ပြီးနောက် ကျူရှူး လျှပ်စစ်စွမ်းအားကုမ္ပဏီက ၎င်း၏ ဆင်ဒဲဓာတ်အားပေးစက်ရုံရှိ နံပါတ်တစ်ဓာတ်ပေါင်းဖိုကို သြဂုတ်လ ၁၁ရက်နေ့ နံနက်ခင်းအချိန်တွင် ပြန်လည်လည်ပတ်ခဲ့သည်။ သို့ရာတွင် ယခုကဲ့သို့ နျူကလီးယားဓာတ်အားသို့ နောက်ကြောင်းပြန်လှည့်မှုနှင့် ပတ်သက်ပြီး ဂျပန်ပြည်သူများကြားတွင် ပြင်းထန်သော မကျေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ဆင်ဒဲဓာတ်အားပေးစက်ရုံရှေ့နှင့် ထိုမှ မိုင်၆၀၀ကွာဝေးသည့် တိုကျိုရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အိမ်တော်ရှေ့တွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိသည်။ တိုကျိုမှ ဘီဘီစီသတင်းထောက် ၏ပြောကြားချက်အရ ဖူကူရှီးမားကံကြမ္မာမျိုး နောက်ထပ်မတိုးရတော့ပါဟု ထပ်တလဲလဲ အာမခံနေသော်လည်း ဂျပန်ပြည်သူလူထုမှာ နျူကလီးယားအပေါ် ယုံကြည်မှုပျက်ပြားနေကြသည်ဟု ဆိုသည်။  

နျူကလီးယားဓာတ်အားပေးစက်ရုံ ၂၅ရုံလုံး ပြန်လည်စတင်နိုင်သည့် အနေအထားတွင် ရှိနေသော်လည်း စက်ရုံအားလုံးမှာ စိုးရိမ်နေသည့် ဒေသခံများ၏ ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ဝန်ကြီးချုပ်အာဘေးကမူ ဓာတ်ပေါင်းဖိုများမှာ ကမ္ဘာပေါ်တွင် အတင်းကျပ်အတိကျဆုံး လုံခြုံရေးစမ်းသပ်ချက်များကို ဖြတ်သန်းပြီးဖြစ်ကြောင်းနှင့် ကျူရှူးလျှပ်စစ်ကုမ္ပဏီအားလည်း လုံခြုံရေးကို ပထမဦးစားပေးထားပြီး၊ အကောင်းဆုံးကြိုတင်ကာကွယ်မှုများ လုပ်ထားရန် ညွှန်ကြားထားကြောင်း ပြည်သူများသို့ ပြောကြားနေခဲ့သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံအားလုံးကို ပိတ်လိုက်ပြီးကတည်းက ဂျပန်မှာ စွမ်းအင်အတွက် တင်သွင်းသည့် ရုပ်ကြွင်းလောင်စာအပေါ်တွင်သာ ကုန်ကျစရိတ်ကြီးမားစွာဖြင့် မှီခိုနေရသည်။ နျူကလီးယားဓာတ်အားကို ပြန်လည်ထုတ်လုပ်ခြင်းက သွင်းကုန် ကုန်ကျစရိတ်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှစ်ခုစလုံးကို ဖြတ်တောက်လျှော့ချနိုင်လိမ့်မည်ဟု အစိုးရက ပြောကြားခဲ့သည်။

သို့ရာတွင် ဒေသခံများကမူ လုံခြုံရေးစည်းမျဉ်းသစ်များမှာ လုံလောက်သည့် တင်းကျပ်တိကျမှုမရှိကြောင်းနှင့် ဒေသတွင်းရှိ မီးတောင်ရှင်များ၏ အန္တရာယ်နှင့်လည်း ဆက်စပ်စိုးရိမ်ရကြောင်းပြောကြားကြ သည်။

ဖူကူရှီးမားအကျပ်အတည်းကာလက ဝန်ကြီးချုပ် နာအိုတိုကန်းက ဆန့်ကျင်ဆန္ဒပြသူများကို စည်းရုံးလှုံ့ဆော်ခဲ့ရာတွင် ၎င်းကလူအုပ်ကို ''ကျွန်တော်တို့မှာ နျူကလီးယား စက်ရုံတွေ မလိုအပ်ဘူး'' ဟု ပြောကြားခဲ့ဖူးသည်။

၂၀၁၁ခုနှစ် မတ်လက ဂျပန်ကမ်းလွန်တွင် မှတ်တမ်းရှိဖူးသမျှ အားအပြင်းဆုံးငလျင်တစ်ခု လှုပ်ခတ်ရာမှ ဖြစ်ပေါ်လာခဲ့သည့် ဧရာမဆူနာမီကြောင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှာ ပျက်စီးသွားခဲ့ပြီး ဓာတ်ပေါင်းဖိုများတွင် အရည်ပျော်မှုဖြစ်ပွားခဲ့သည်။

ထိုစဉ်က လူပေါင်း ၁၆၀၀၀ခန့်သေဆုံးခဲ့ရပြီး ၂၅၀၀ကျော် ပျောက်ဆုံးနေဆဲဖြစ်သော်လည်း သေဆုံးသူတစ်စုံတစ်ဦးမျှ နျူကလီးယားနှင့် ဆက်နွှယ်ခြင်းတော့မရှိခဲ့ဟု ဆိုသည်။ သို့ရာတွင် ပျက်စီးသွားသည့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တကြွနှုန်းမြင့်မားသည့် ရေနှင့်အညစ်အကြေးများ စိမ့်ထွက်နေခဲ့သောကြောင့် ပတ်ဝန်းကျင်ဧရိယာအတွင်းမှ လူပေါင်း ၁၆၀၀၀၀ခန့် ကိုဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာရာ အများစုမှာ မိမိတို့နေအိမ်များသို့ ယခုထက်တိုင် မပြန်နိုင်ကြဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly