ဧရာဝတီမြစ်အတွင်း တွဲရေယာဉ်နစ်မြှုပ်မှုဖြစ်ပွား

ဧရာဝတီမြစ်အတွင်း တွဲရေယာဉ်နစ်မြှုပ်မှုဖြစ်ပွား
ဓာတ်ပုံ-ကိုမျိုး(ဆိပ်ဖြူ)

ဆိပ်ဖြူ၊ သြဂုတ် ၂၃ ။             ။ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ (ရွာဟောင်း)အနီး ဧရာဝတီမြစ်အတွင်း သြဂုတ်လ (၂၂)ရက် မွန်းလွဲ (၁)နာရီခန့်က ဘက်ဟိုးနှင့်ကရိန်းယာဉ်များ တင်ဆောင်ထားသည့် တွဲရေယာဉ်တစ်စီး နစ်မြှုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရေယာဉ်အုပ် ဦးအောင်တင်၊ အသက် (၆၅) နှစ်၊ မောင်းနှင်သည့် အဏ္ဏဝါမယ် တွန်းရေယာဉ်ရ၀၉၄ ၊CB တွဲယာဉ် အမှတ် ၆၆၉သည် ညောင်ဦးမြို့နယ် ၊ညောင်လှ ကျေးရွာမှ ရန်ကုန်မြို့သို့ စုန်ဆင်းလာရာ နံနက် ၁၁နာရီခွဲအချိန်ခန့်တွင် ချောက် - ဆိပ်ဖြူ အနော်ရထာမြစ်ကူးတံတား၊ ချောက်မြို့နယ်ဘက် P 5  နှင့်  P6 အကြား ရေယာဉ်လမ်းကြောင်းအရောက်တွင် ရာသီဥတုဆိုးဝါးမှုကြောင့်  Back ပြန်ဆွဲရာ ရေစီးအားကြောင့် တွဲရေယာဉ်ဆိုင်ကြိုးများ ပြတ်၍  P 5  တံတားတိုင်အား ပွတ်တိုက်မှုဖြစ်ပွားခဲ့ပြီး တံတားအောက်ဘက်သို့ ရေစီးအတိုင်းမျောပါသွားကြောင်း သိရသည်။

အဆိုပါယာဉ်အား ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာ (ရွာဟောင်း)အနီး  ရေလယ်ကျွန်းကမ်းပါးသို့အရောက် အဏ္ဏဝါမယ်ရေယာဉ်က တွန်ပို့ကာ  ကမ်းကပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ CB တွဲယာဉ်သည် တံတားတိုင် P 5  နှင့် ပွတ်တိုက်ခဲ့ခြင်းကြောင့် ကိုယ်ထည်သံပြားပေါက်၍ ရေများဝင်ရောက်ကာ တိမ်းစောင်းနစ်မြုပ်ခဲ့ပြီး CB တွဲယာဉ် တွင်ပါရှိသည့် ယာဉ်ယန္တရား များ နစ်မြုပ်ခဲ့ကြောင်း။ ယင်းယာဉ်ယန္တရားများမှာ ဆင်နှစ်ကောင် ကုမ္ပဏီပိုင် တန်(၅၀၀) ကရိန်း (၁)စီး၊ တန်(၁၁၀) ကရိန်း (၁)စီး၊ တန်(၁၀၀) ကရိန်း(၁)စီး၊တန်(၈၅) ကရိန်း(၁)စီး၊ တန်(၂၅) ကရိန်း(၁)စီးနှင့်တန်(၂၅)ဘက်ဟိုး (၁)စီး၊မြေကော်ကား(၁)စီးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်မြို့မရဲစစန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပါ၀င်သည့်တပ်ဖွဲ့ဝင်များက လိုအပ်သည့်အကူအညီများဆောင်ရွက်ပေးခဲ့ပြီး  နစ်မြှုပ်တွန်းရေယာဉ် ပေါ်တွင် လူ၁၁ဦးပါရှိခဲ့ပြီး အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရှိမှု တစ်စုံတရာမျှ မရှိကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly