ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှု နောက်ကျမှုမှာ အာဏာရှင်စနစ်ဆိုးဒဏ်ကြောင့် ဖြစ်သည် ဆိုသည့်အပေါ် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှု နောက်ကျမှုမှာ အာဏာရှင်စနစ်ဆိုးဒဏ်ကြောင့် ဖြစ်သည် ဆိုသည့်အပေါ် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်

နေပြည်တော်၊ သြဂုတ်လ ၂၂ ။         ။ ရခိုင်ပြည်နယ်သည် စီးပွားရေးအချက်အချာကြသော ပြည်နယ်ဖြစ်ပေမယ့် မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေရခြင်းသည် အာဏာရှင်စနစ်ဆိုး ရဲ့ ဒဏ်ကြောင့် ဖြစ်သည် ဆိုသည့် စကားရပ်အပေါ်တွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း ကန့်ကွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ဦးခင်မောင်လတ်တင် သွင်းသော ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသော   ပြသာနာများနှင့်ပတ်သက်သည့်အဆိုကို ထောက်ခံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်သည် ပထဝီအနေအထားအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ အိန္ဒိယနိုင်ငံတို့ နှင့် နီးစပ်ကာ ဘင်္ဂလားပင်လယ်အော်နှင့်လည်း နီးစပ်ပြီး စီးပွားရေးအရ လယ်ယာလုပ်ငန်းနှင့် သားငါးလုပ်ငန်း များကို လုပ်ကိုင်နိုင်သောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ပြည်နယ်ဖြစ်ကြောင်း ပြောသည်။

“ထိုကဲ့သို့သောစီးပွားရေးအချက်အချာကျသောပြည်နယ်အားမြန်မာနိုင်ငံရဲ့ဒုတိယအဆင်းရဲဆုံးပြည်နယ်။ အဖွံ့ဖြိုးမှုနောက် အကျဆုံးဖြစ်နေရခြင်းဟာ အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ပဲဖြစ်ပါတယ်။ ကျွန်မတို့အားလုံးဟာ အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့အချိန်မှာ ရခိုင်တိုင်းရင်းသားများအဖို့ အတွင်းဘက်မှာတော့ အာဏာရှင်ရဲ့ စနစ်ဆိုး။ အပြင်ဘက်မှာ နယ်မြေလုနေသောအရေးဟာ တွန်းလှန်နေရပြီး အတွင်းဖိအား အပြင်ဖိအားတို့ဖြင့် ကြံုဆုံနေရသော ရခိုင်တိုင်းရင်းသားတို့ရဲ့ ခံစားချက်ကို သိရှိပြီး ခေတ်အဆက်ဆက်အစိုးရအဖွဲ့အစည်းများ အပေါ်တွင် ယုံကြည်မှုအားနည်းခဲ့တယ်ဆိုတာကိုလည်း နားလည်ပါတယ်”ဟု ဒေါ်အိအိပြုံးက အစည်းအဝေးတွင်း ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု လုပ်ရပ်များဟာ ခေတ် အဆက်ဆက် တာဝန်ရှိ ပုဂ္ဂိုလ်များက မဖြေရှင်းခဲ့သည့် အတွက် နေ့ခြင်းညခြင်း ပေါ်ပေါက်ခဲ့သော အရာများမဟုတ်ကြောင်း၊ အဂတိတရားလိုက်စားမှုများကြောင့် နိုင်ငံသား ဖြစ်ခွင့်မရှိသူများကို နိုင်ငံသားဖြစ်ခွင့်ပေးခဲ့သည့်အတွက် တရားမဝင်မှ တရားဝင်ကဲ့သို့ ကမ္ဘာ့အလယ်တွင် ၀ါဒဖြန့် လှု့ံဆော်ခွင့်ရသွားကြောင်း ဒေါ်အိအိပြံုးက ပြောသည်။

ဦးခင်မောင်လတ် တင်သွင်းထားသည့် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန် နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ်နေရပ်စွန့်ခွာထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်အိအိပြုံးက ဆွေးနွေးရာတွင် အထက်ပါ စကားရပ်များ ပါ၀င်နေသည့်အတွက် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်ချုပ်သန်းစိုးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် ရခိုင်ပြည်နယ် ကိစ္စကို အမြဲတမ်း အနစ်နာ ခံပြီး လုပ်ခဲ့ပြီး တပ်စွမ်းရည်၊ တိုက်စွမ်းအားများအတွက် ဘဏ္ဍာရေးကော်မရှင် ကို တင်ပြီး မှ ခွင့်ပြုချက်နှင့် သုံးခဲ့တာဖြစ်သည့် အတွက် ယခုကဲ့သို့ပြောဆိုခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်သည့် အတွက် လုံးဝကန့်ကွက်ကြောင်း ဗိုလ်ချုပ်သန်းစိုးက ပြောသည်။

 “အဆိုနဲ့မဆိုင်တဲ့ ပုဒ်မ ၃၉ အဆိုနဲ့ မဆိုင်ပဲနဲ့ ဆွေးနွေးချက်နဲ့ မဆိုင်တဲ့ကိစ္စ ပြောတာကို လက်မခံပါဘူး ကန့်ကွက်ပါတယ်။အာဏာရှင် စနစ်ဆိုးဆိုတာဘာကို ပြောတာလည်း ဘယ်သူ့ကိုဆိုလိုတာလည်း အစိုးရအဆက်ဆက်ကို အာဏာရှင် စနစ်ဆိုပြီး ပြောတဲ့ကိစ္စကို လက်ခံစရာကြောင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်သန်းစိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly