သရေခေတ္တရာ ရှေးဟောင်းဇုန် ရွှေလောင်းကန်ကျေးရွာ မှ အိမ်ထောင်စု (၈၅)ခု ကို မြေနေရာသတ်မှတ်ပေး

သရေခေတ္တရာ ရှေးဟောင်းဇုန် ရွှေလောင်းကန်ကျေးရွာ မှ အိမ်ထောင်စု (၈၅)ခု ကို မြေနေရာသတ်မှတ်ပေး

ပြည်၊ သြဂုတ် ၂၂ ။             ။ နေအိမ်တိုးချဲ့ ဆောက်လုပ်ခြင်းများ ကန့်သတ်ခံထားရသော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုန် ရွှေလောင်းကန်ကျေးရွာမှ အိမ်ထောင်စု (၈၅)ခု နေထိုင်ရန်အတွက် ဌာနဆိုင်ရာများ နှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်းကာ သြဂုတ် ၂၂ ရက်က မြေနေရာသတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့သည်။

“လူဦးရေ တိုးနှုန်းအရ နှစ်စဉ် လိုအပ်ချက် က ၂ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့ဒီအတွက် နောက် ဆယ်နှစ်လောက်ဆိုရင် အကြီးအကျယ်လိုအပ်မှုတွေ ရှိလာနိုင်တယ်။ အဲ့ထဲမှာရှိတဲ့ ရွာ၁၈ ရွာလုံးကို  ရွာမြေချဲ့ထွင် နိုင်မယ့်နေရာတွေ သတ်မှတ်နေတယ်”ဟု ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်ဇေယျက ဆိုသည်။

ရွှေလောင်းကန် ကျေးရွာ မှ အိမ်ထောင်စု ၈၅ ခုအား ကန်သုံးဆင့် ကျေးရွာ ရှိ ဧက ၃၀ ခန့် တောင်ကုန်း တစ်ခု ပေါ်တွင် နေထိုင်ရန်သတ်မှတ်ပေးခဲ့သည်။ ၄င်းတောင်ကုန်းနေရာသည် မူလ ရွှေလောင်းကန်ကျေးရွာ နှင့် တစ်မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး AZ (Archaeological Zone) အပြင်ဘက် PZ ဇုန် (Protected Zone) အစပ်တွင် နေရာဖြစ်သည်။

၄င်းမြေနေရာသည် သီဟိုလ်ပင် စီမံကိန်းအကောင်အထည် မဖော်ဖြစ်ခဲ့သည့် မြေဖြစ်ပြီး မူလမြေပိုင်ရှင် နှင့် ကျေးရွာသားများ သဘောတူညီချက် ရရှိကာ ကျေးရွာမြေတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

သို့သော် ၄င်းနေရာသည် ရှေးဟောင်း PZ ဇုန် (Protected Zone) နယ်နိမိတ်မျဉ်း နှင့် ကဒ်လျှက်ရှိခြင်းကြောင့် နယ်မြေသတ်မှတ်ခြင်းအား ပြန်လည်စိစစ်ဦးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုုးဝင်းက ပြောသည်။

ထိုနေ့နေ့လည် ၂ နာရီက ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ၊ ရှေးဟောင်း သုတေသနမှ တာဝန်ရှိသူများ ၊ ပြည်မြို့နယ်မြေစာရင်း ဦးစီးဌာန မှ တာဝန်ရှိသူများက  ဒေသခံ ကျေးရွာသားများ နှင့်အတူ မြေနေရာသတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း နေအိမ်ဆောက်တိုးချဲ့ဆောက်လုပ်မှုများကို ကန့်သတ်ခဲ့သည်။ လယ်ယာ မြေများအတွင်း တရားမဝင် ဆောက်လုပ်သည့် နေအိမ်၂၆ လုံးကို ရှေးဟောင်းဌာနက အမှုဖွင့်တရားစွဲဆိုခဲ့ပြီး နေအိမ် ၁၃၄ လုံးကို ဖယ်ရှားပေးရန် သတိပေးတားမြစ်စာ ထုတ်ပြန်ခဲ့သည်။

ရှေးဟောင်းဇုန်အတွင်း ရပ်ကွက် ၁ ခု နှင့် ကျေးရွာအုပ်စု ရ ခု ရှိပြီး လူနေထိုင်မှု အခက်အခဲ များ ရှိလာသည့် အတွက် PZ ဇုန် (Protected Zone) အတွင်း ကျေးရွာမြေတိုးချဲ့ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက လွန်ခဲ့သည့်ဧပြီလကတည်းက မြေနေရာလိုအပ်မှုစာရင်းများပြုစုခြင်း ၊ မြေနေရာရှာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly