မြောက်ဦးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ပြည်နယ်အဆင့်ဆွေးနွေး

မြောက်ဦးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ပြည်နယ်အဆင့်ဆွေးနွေး
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ သြဂုတ်လ ၂၂ ရက်။   ။  ရခိုင်ပြည်နယ်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များ၊ ရှေးဟောင်း အဆောက်အဦများ နှင့် စေတီပုထိုများ အများအပြားတည်ရှိရာ မြောက်ဦးမြို့တော်ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် ပြည်နယ်အဆင့် ပညာရှင်များ၊ သမိုင်းသုတေသီများနှင့် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးတွင် ယနေ့ သြဂုတ်လ နံနက်ပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့ ကမ္ဘာ့အမွေနှစ်စာရင်းဝင်နိုင်ရန် ထပမဦးဆုံးအနေဖြင့် ရေစီးရေစေလာ ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း အစည်းအဝေးသို့ တက်ရောက်သူ မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က လိုအပ်ချက်များအား ထောက်ပြခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွန်းကြားရေးမှူး ဦးညီလွင်က “ဒေသအတွင်းမှာရှိတဲ့ ဒီ အဖွဲ့အစည်းတွေကရော၊ ဒေသခံတွေကရော အားလုံး တစ်ညီတစ်ညွတ်နဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပြီးတော့  ဆောင်ရွက်ကြတဲ့အတွက်  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ဆိုတဲ့အခါ တော်တော်ကောင်းတဲ့ဟာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြောက်ဦးမြို့ သာယာလှပသန့်ရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကာ လမ်းမများနှင့် အင်းအိုင်များရှိ အမှိုက်သရိုက်များနှင့် ပလက်စတစ်များကို ဖယ်ထုတ်ရန်မှာလည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်သူ တစ်ဦးကဆိုသည်။

ဆွေးနွေးပွဲတွင် ရှေးဟောင်းမြို့တော် မြောက်ဦးအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး တက်ရောက်လာသူများက မည်သို့မည်ပုံ ရှေ့ဆက်၍ လုပ်ဆောင်သွားမည်တို့အား ဝိုင်ဝန်းအကြံပေးဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ UNESCO မှ သမိုင်းသုတေသီများနှင့်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly