ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြသူများအား နီပေါရဲက ပစ်ခတ်၍ နှစ်ဦးသေဆုံး တစ်ဒါဇင် ဒဏ်ရာရ

ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြသူများအား နီပေါရဲက ပစ်ခတ်၍ နှစ်ဦးသေဆုံး တစ်ဒါဇင် ဒဏ်ရာရ

ခတ္တမဒူ၊ သြဂုတ် - ၁၁ ။         ။ ဟိမဝန္တာနိုင်ငံတစ်ခုဖြစ်သော နီပေါတွင် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရန် အဆိုပြုချက်များကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲအတွင်း အဆောက်အအုံများကို တိုက်ခိုက် မှုဖြစ်ပွားပြီးနောက် နီပေါရဲက ဆန္ဒပြသူ အနည်းဆုံး၂ဦးကို ပစ်သတ်ခဲ့ပြီး အခြားတစ်ဒါဇင်ခန့်ကိုလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားစေခဲ့သည်ဟု ဆိုသည်။

ခတ္တမဒူအစိုးရက ယခုလတွင် အပြီးသတ်ဖို့ မျှော်လင့်ထားသည့် ဖက်ဒရယ်ဖွဲ့စည်းပုံံဥပဒေအသစ်တွင် ပါဝင်သော ဒေသန္တရအုပ်ချုပ်ရေးပြင်ဆင်မှု၏ အစိတ်အပိုင်းအနေဖြင့် ၎င်းတို့၏ပြည်နယ်ကို နှစ်ပိုင်း ခွဲမည့် အစိုးရ၏စီမံကိန်းကို ပြည်သူလူထုရာပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြနေကြသည်။

ဆာခတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်ကို ဆန္ဒပြသူများကို ဖီဆန်ပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်အဆောက်အအုံများကို ကျောက်တုံးများဖြင့် ပစ်ခတ်ကြသည်ဟု ဒေသရဲအရာရှိ ရာဂျက်ရှ် လယ်ကာနာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့နောက် ဆန္ဒပြလူအုပ်ကြီးက အစိုးရရုံးဂိတ်တံခါးများကို ချိုးဖျက်ဝင်ရောက်ကာ ဒေသနိုင်ငံရေးသမားတစ်ဦး၏ နေအိမ်ကို မီးတင်ရှို့ရန် ကြိုးစားခဲ့ကြသကဲ့သို့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု ကိုထောက်ခံ သည့် နိုင်ငံရေးပါတီများ၏ ရုံးများကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ကာနာက ပြောကြားသည်။ ''သေနတ်နဲ့ပစ်လို့ လူနှစ်ယောက် သေဆုံးခဲ့ရပြီး၊ အခြားတစ်ဒါဇင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်''ဟု ကာနာ ကပြောကြားခဲ့သည်။

ဆာခတ်မှာ နီပေါ၏ အနောက်အလယ်ပိုင်းဒေသ၏ မြို့တော်ဖြစ်ပြီး မြို့တော်ခတ္တမဒူမှ မိုင်၂၀၀ခန့် ကွာဝေးသည်။ ယခုလတွင်အပြီးသတ်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်အရ အဆိုပါပြည်နယ်ကို သီးခြားပြည်နယ်နှစ်ခုအဖြစ် ခွဲခြားပစ်မည်ဖြစ်သည်။

အစိုးရနှင့် နိုင်ငံရေးပါတီများကမူ နိုင်ငံကို ဒေသကြီး၆ခုအဖြစ် ခွဲခြမ်းပစ်မည့် ဖွဲ့စည်းပုံအသစ်က ယခုနှစ်တွင် လူပေါင်း ၈၉၀၀ သေဆုံးခဲ့ရသည့် ငလျင်ကြီးနှစ်ခုဒဏ်ကို ခံစားနေရဆဲဖြစ်သည့် နီပေါကို စီးပွားရေးဖွံ့ဖြိုးစေလိမ့်မည်ဟု မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly